မူဆယ် မတ် ၂၃
နွေရာသီ အစိုးရကျောင်းပိတ်ရက်တွင် သင်ကြားမှုစနစ်များနှင် ဘာသာရပ်အလိုက် သင်ကြားမှု စွမ်းရည်များ တိုးတက်မြင့်မားရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်အဆင့် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် ဆရာမများကို ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၃-၂၄ပညာသင်နှစ်တွင် သင်ကြားပို့ချမည့် သင်ကြားမှုနည်းစနစ်သစ်များ၊ တစ်နှစ်ထက်တစ်နှစ် ပညာရေးတိုးတက်မြင့်မားရေးအတွက် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ကျောင်းသား/သူများကို ပိုမိုလွယ်ကူနားလည်နိုင်မည့် သင်ကြားမှုနည်းလမ်းကောင်းများနှင့် ဘာသာရပ်အလိုက် တိုးတက်စေမည့် လေ့ကျင့်သင်ကြားမှုများကို သင်တန်းဆရာကြီး၊ ဆရာမကြီးများမှ ထပ်ဆင့်သင်ကြားပို့ချခဲ့ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဘာသာရပ်စွမ်းရည်မြင့်ဆွေးနွေးပွဲကို မူဆယ်မြို့တွင် အလယ်တန်းဆင့် ကျောင်းဆရာ/ဆရာမ (၁၆၀)ဦးနှင့် အထက်တန်းဆင့် ကျောင်းဆရာ/ဆရာမ (၆၄)ဦးတို့ တက်ရောက်ခဲ့ကြပြီး မတ်လ(၂၁)ရက်နေ့မှစ၍ မတ်လ(၂၄) ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်အနေဖြင့် ဘာသာရပ်စွမ်းရည်မြင့်ဆွေးနွေးပွဲကို မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင် (၃)မြို့နယ် တွင် သင်ကြားပို့ချလျက်ရှိပြီး ခရိုင်ချုပ်အနေဖြင့် အလယ်တန်းဆင့် ဆရာ/ဆရာမ (၄၃၆)ဦးနှင့် အထက်တန်းဆင့် ဆရာ/ဆရာမ(၁၅၄)ဦး တက်ရောက်လျက်ရှိကြောင်း သိရပါသည်။ ထို့အတူ ခရိုင်အဆင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မတ်လ(၂၈)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချမည်ဖြစ်ကြောင်း သိရှိရပါသည်။
အယ်လ်စိုး(မူဆယ်)