မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ အစိုးရဓမ္မစရိယစာမေးပွဲ စတင်ဖြေဆို

မိုးကုတ် မတ် ၂

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲကို  ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်ရှိ မဟာမုနိဘုရားဝန်းအတွင်း၌ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

မိုးကုတ်မြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ကျမ်းရင်း (၁) ဖြေဆိုသည့်နေ့တွင် ဖြေဆိုရန် စာရင်းပေးသွင်းသူ စုစုပေါင်း (၃၅)ဦးရှိပြီး လာရောက်ဖြေဆိုသူ ရဟန်းသံဃာတော် (၂၄)ပါး၊ သီလရှင် () ပါးနှင့် လူပုဂ္ဂိုလ်()ဦး လာရောက်ဖြေဆိုကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲကို မတ် (၂၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ပြီး စာဖြေသံဃာတော်များ၊ သီလရှင်များအား  စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဩဝါဒစရိယဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးဆောင်ဆရာတော်များ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်သံဃဝေယျာဝစ္စ အဖွဲ့များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စာမေးပွဲကျင်းပနေစဉ်အတွင်း စာဖြေသံဃာတော်များ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့် အချိုရည် ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကြည်ကြည်နွဲ့(ပြန်/ဆက်)