နေပြည်တော် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနတွင် ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ်၂၃

ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်

ရှေးဦးစွာ ‌နေပြည်တော် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာ အေးအေးမာက ဘေးအန္တရာယ်ဖြစ်စဉ်များသည် ကြိုတင်ခန့်မှန်းရန်ခက်ခဲခြင်း၊ အချို့ဘေးအန္တရာယ်များသည် ကြိုတင် ခန့်မှန်း၍မရခြင်းနှင့် အဖျက်စွမ်းအားကြီးမားခြင်း စသည့်အချက်များကြောင့် ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးမှု လျော့ပါးရေးလုပ်ငန်းများနှင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများသည် လွန်စွာအရေး ကြီးပါကြောင်း၊ နေပြည်တော်အတွင်း  ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများအတွက် ကျန်းမာရေးကဏ္ဍဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် ဘေးအန္တရာယ်ဖြစ်စဉ်ကျရောက်သည့်အခါ အမျိုးအစားများအလိုက် ဆေးနှင့် ဆေးပစ္စည်းးကိရိယာများ၊ ဆက်စပ်ပစ္စည်းကိရိယာများကို ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊  ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ က ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နေပြည်တော် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်စန္ဒာ‌ဇော်က ဗဟိုအဆင့်နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများက ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)