တောင်ကြီး မတ် ၂၂
ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ ညနေ(၃)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်သည် နယ်မြေဧရိယာအားဖြင့် ကျယ်ဝန်းပြီး ရေ၊ မြေ၊ တော၊ တောင်သဘာဝ အလှအပ၊ တိုင်းရင်းသားဓလေ့ထုံးစံ အစရှိသည့် ခရီးသွားလုပ်ငန်းအရင်းအမြစ်များ ကြွယ်ဝသည့်အပြင် တည်ငြိမ်အေးချမ်းမှုရှိသည့်အတွက် ခရီးသွားများ နှစ်ခြိုက်သဘောကျ လာရောက်လည်ပတ်သော ဒေသတစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင် ခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုးရန်အတွက် မိမိတို့ကော်မတီဝင်များအနေဖြင့် အထူးကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် ဒေသခံပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရရှိရေးကို အထောက်အကူပြုသလို ပြည်နယ်အတွက် အခွန်အကောက်များ တိုးပွားရရှိစေသည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်သောကြောင့် ကော်မတီဝင်များအနေဖြင့် ကောင်းမွန် သော ရလဒ်ကောင်းများ ရရှိစေရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်မှ ယခင်ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၅/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃)အစည်းအဝေးတွင် ဆုံးဖြတ်ချက်ရယူနိုင်ရန် ကိစ္စရပ်များနှင့် မှတ်တမ်းတင်ရန် ကိစ္စများ ရှင်းလင်းတင်ပြပြီး အထွေထွေဆွေးနွေး၍ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နိဂုံးချုပ်စကားပြောကြားကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)