မိုင်းနောင် မတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျေးသီးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော အမျိုးသမီးငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ အားလုံးပူးပေါင်းပါဝင်စို့ ခေါင်းစဥ်ဖြင့်လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်နှင့် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးသီးမြို့နယ်အုပ်ချုပ်ရေးမှူးဦးထူးထက်၏ဇနီး ဒေါ်မေဇင်ဖြိုးက အဖွင့်အမှာစကားပြောကြား၍ အမျိုးသမီးရေးရာအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ မြို့ဦးစီးမှူး ဒေါ်နန်းမီးက အမျိုးသမီးများ အကြမ်းဖက်ခြင်းမှ ကာကွယ်သည့် ဥပဒေများအကြောင်းကို လည်းကောင်း၊ အထက်တန်းသူနာပြု ဒေါ်နန်းဆိုင်ဟိန်းက အမျိုးသမီးငယ်များ၏ ကျန်းမာရေးအကြောင်းနှင့် မိခင်နှင့်ကလေး ကျန်းမာရေးဆရာမ ဒေါ်နန်းမေထားက အမျိုးသမီးငယ်များ မျိုးဆက်ပွား၊သားဆက်ခြား အသိပညာပေးများကို ရှင်းလင်းဟောပြောခဲ့ ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်နှင့် ဟောပြောပွဲသို့ ကျေးသီးမြို့နယ်နှင့် မိုင်းနောင်မြို့တို့မှ အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ နွေရာသီ အင်္ဂလိပ်စာသင်တန်း တက်ရောက်နေသော ကျောင်းသူများ စုစုပေါင်းအင်အား (၅၀)ဦး တက်ရောက်ပြီး ကျေးသီးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးက ဦးဆောင် ဟောပြောသူ ဆရာမများနှင့် ဟောပြောပွဲတက်ရောက်လာသော သင်တန်းသူများအား လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)