ဟားခါး အောက်တိုဘာ ၁
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင်ရုံးများ၊ ဟားခါးမြို့ပေါ်တွင် (၁၁)နေရာနှင့် ကျေးရွာအုပ်စုများ တွင်(၆၈)နေရာ စုစုပေါင်း (၇၉)နေရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ၍ကပ်ထား ကြေညာခြင်းကို ယနေ့နံနက် ၇ နာရီအချိန်မှစ၍ ကပ်ထားကြေညာ လျက်ရှိကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ အပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကပ်ထားကြေညာခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၁၄ရက်နေ့အထိ ပထမအကြိမ်အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ယခုတွင် နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာ လ ၁ရက်နေ့မှစ၍ (၁၄)ရက်ကြာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဟားခါးမြို့နယ် အနေဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် နောက်ဆုံးအကြိမ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား ၁၈၁၃၈ ဦး၊ မ ၂၀၀၉၂ ဦး၊ စုစုပေါင်း ၃၈၂၃၀ ဦးရှိပြီး မဲစာရင်းများ ကြေညာခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်များနှင့်အတူ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း လူငယ်များပူးပေါင်းပါဝင် ဆောင်ရွက်သွား လျက်ရှိကြောင်း၊ မိမိတို့နေထိုင်သော ရပ်ကွက်/ ကျေးရွာများရှိ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတို့မှ သတ်မှတ်ထားသော နေရာများတွင် မဲစာရင်းများ လာရောက်ကြည့်ရှု နိုင်ရေး အသံချဲ့စက်များဖြင့် ဆော်သြနှိုးဆော်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်များ လာရောက် ကြည့်ရှု၍ မဲစာရင်းနှင့် စပ်လျဉ်းသည့် တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းများ ရှိပါက အချိန်နှင့် တပြေးညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အောင်ခွီရှိန်း၊ခရိုင် (ပြန်/ဆက်)