တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ

တောင်ဥက္ကလာပ မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မြင်သာမြို့ဦးကျောင်းတိုက်တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၃ရက်နေ့ထိ မွန်းတည့်(၁၂)နာရီမှ မွန်းလွဲ(၄)နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ တောင်ဥက္ကလာပမြို့နယ်တွင် စာမေးပွဲ ပထမနေ့၌ ပါရာဇိကကဏ္ဍပါဠိအဌကထာ (၁)ကို ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၁၆၇)ပါး  ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုသံဃာတော်များနှင့် သီလရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ ဆက်)