မြစ်ကြီးနား မတ် ၂၀
လူထုအားလုံး ပါဝင်လှုပ်ရှားသည့် လူထုအားကစားမှ တစ်ဆင့် ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဝါသနာပါရာ အားကစားနည်း ကို အခြေခံမှ စ၍ စနစ်တကျသင်ကြား တတ်မြောက်လာစေရန်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲကို မတ် ၂၀ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ သင်တန်းတွင် အားကစား ပြုလုပ်ခြင်းကို ပျော်ရွှင်ခြင်းမှ တစ်ဆင့် ဝါသနာပါရာ အားကစားနည်းများ၏ အခြေခံများကို စနစ်တကျသင်ကြားပေးရန် သာမက သင်တန်းသား လူငယ်မောင်မယ်များအား အချိန်ကိုလေးစားတတ်ခြင်း၊ စည်းကမ်းလိုက်နာတတ်ခြင်း၊ ပူးပေါင်း ဆောင်ရွက်တတ်ခြင်းအားဖြင့် မိမိတို့ပြည်နယ်၊ မိမိတို့ နိုင်ငံကို ချစ်မြတ်နိုးသည့် မျိုးချစ်စိတ်ဓာတ်များ ပေါ်ပေါက်လာ အောင် အားကစားမှ တစ်ဆင့် သင်ကြားလေ့ကျင့်ပေးကြရန် လိုအပ်ပါကြောင်း၊ ယခုနွေရာသီသင်တန်းမှ တစ်ဆင့် ပြည်နယ်၏ ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးနိုင်သည့် အားကစား လူရည်ချွန်များနှင့် နောင်အနာဂတ်တွင် ပြည်နယ်၏ တာဝန်ကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် စွမ်းရည်ပြည့်ဝသော လူငယ်လူရွယ်များဖြစ်အောင် ပြုစုပျိုးထောင် မွေးထုတ်ပေးရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက နွေရာသီအားကစားသင်တန်း၌ ဘောလုံး၊ လက်ဝှေ့၊ မြန်မာ့သိုင်း၊ ဂျူဒို၊ ဘောလီဘော စသည့် အားကစားနည်း ၁၉ နည်းတွင် သင်ကြား/သင်ယူကြမည့် အားကစား ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ နည်းပြများနှင့် ကစားသမား များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြကာ အားကစားနည်းအလိုက် အားကစားအထောက်အကူပြုပစ္စည်း များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် အားကစားသမားများနှင့် တာဝန်ရှိသူများက အားကစားကွင်းမှ အလေးပြု ပြန်လည်ထွက်ခွာခဲ့ကြပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် က ဘင်ခရာအဖွဲ့နှင့် အကအဖွဲ့တို့အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ၂၀၂၃ ခုနှစ် နွေရာသီအခြေခံ အားကစားနည်းသင်တန်း (၁၉)မျိုးသို့ တက်ရောက်ကြမည့် သင်တန်းသား/ သင်တန်းသူ ၁၈၀၀ ကျော်ရှိပြီး သင်တန်းများကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၇ ရက် နေ့အထိ အားကစားနည်းအလိုက် မြစ်ကြီးနားမြို့ ပေါ်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် အားကစား ကလပ်များ၊ အားကစားကွင်းများ၊ မိုးလုံလေလုံခန်းမများ၊ မနောဧရာရေကူးကန်တို့တွင် အချိန်သတ်မှတ်၍ အားကစားဆပ်ကော်မတီအသီးသီးမှ နည်းပြများဖြင့် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)