ရန်ကုန် မတ် ၁၉
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ နိုင်ငံခြားသားဧည့်သည်တော်များ ကြိုဆိုရေးအတွက် ကျွမ်းကျင်ဝန်ထမ်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အင်္ဂလိပ်စကားပြောသင်တန်း(Basic& Intermediate Course)သင်တန်းဆင်းပွဲ အခမ်းအနားကို မတ် ၁၇ မွန်းလွဲ ၁ နာရီတွင် စေတီတော်ရင်ပြင်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိဂေါပကအဖွဲ့ဝင် ဦးသိန်းထွဋ်မောင်ကသင်တန်းဆင်း အမှာစကားပြောကြားသည်။
ထို့နောက်သင်တန်းသားများက ဧည့်သည်တော် ကြိုဆိုရှင်းလင်းပြသမည့် နေရာများအား Power Point. ဖြင့် သရုပ်ပြရှင်းလင်းတင်ပြကြသည်။
ယင်းနောက်သင်တန်းဆရာ ဦးမင်းမင်းကိုက သင်တန်းကာလအတွင်း သင်ကြားမှုနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အလှည့်က သဘာပတိက သင်တန်းဆရာအား ဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း ဂေါပကအဖွဲ့ဝင်များက ဆုရသင်တန်းသားများအား ဂုဏ်ပြုဆုငွေများနှင့် သင်တန်းဆင်း လက်မှတ်အား ပေးအပ်ချီးမြင့်ကြသည်။
ယင်းနောက်သင်တန်းသားများ ကိုယ်စားဆုရသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါသင်တန်းသို့ဂေါပကအဖွဲ့ ဂေါပကရုံးဝန်ထမ်းများထဲမှ စိတ်ပါဝင်စားသူ၂၁ဦးကို ရွေးချယ်၍ ပထမအဆင့်(Basic)သင်တန်းကို ၂၀၂၂ ခုနှစ်စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ သင်ကြားပေးခဲ့ပြီး သင်တန်းကာလတစ်လျှောက် ဆန်းစစ်ချက်များအရ အရည်အချင်းပြည့်မှီသူ သင်တန်းသား၁၅ဦးကို ဒုတိယအဆင့်(Intermediate) သင်တန်းဆက်လက်သင်ကြားစေခဲ့ရာ သင်တန်းသားတစ်ဦး အလုပ်မှနှုတ်ထွက်သွားသည့်အတွက် သင်တန်းသား ၁၄ ဦးသာ သင်တန်းကာလပြီးဆုံးအောင် တက်ရောက်အောင်မြင်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)