ချင်းရွှေဟော် မတ် ၁၉
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည် စီးဆင်းရာမြို့ဖြစ်ပြီး ယခုအခါ နယ်စပ်ဂိတ်ပေါက်သည် နှစ်နိုင်ငံသဘောတူညီမှုဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်မှု မော်တော်ယာဉ်များနှင့် ခရီးသည်ယာဉ်လိုင်းများ တိုးပွားလာခြင်း တို့ကြောင့် နယ်စပ်ဂိတ်ပေါက်အနီး ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်ဦး ဦးဆောင်၍ အမှတ်(၁၂၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်စိတ်(၁)မှ ရဲအုပ် ကိုသက်နှင့် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဦးဟိန်းမြတ်ဇော်တို့ လိုက်ပါပြီး ယမန်နေ့နံနက်ပိုင်း အချိန်က ဆောင်ရွက်ခဲ့သည်။
အမှတ်(၁) ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လမ်းမပေါ်နေရာယူပြီး ဆိုင်များ ဖွင့်လှစ်ခြင်းတို့အား ရှင်းလင်းရန်၊ မော်တော်ယာဉ်များ စည်းကမ်းမဲ့စွာ ရပ်နားခြင်းများအား သတ်မှတ်နေရာအတွင်း ရပ်နားရန်၊ ကုန်သွယ်ရေးစခန်းရှိ ယာဉ်များသွားလာရေးကို ပိတ်ဆို့မှုမဖြစ်စေရန်နှင့် နယ်စပ်ဂိတ်ပေါက်အနီးရှိ ပျက်စီးနေသော ရေနုတ်မြောင်းများအား ပြန်လည်ပြုပြင်နိုင်ရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။
ချင်းရွှေဟော်မြို့ နမ့်ဖာဟော်နယ်စပ်ဂိတ်သည် မြန်မာနိုင်ငံ၏ ဒုတိယအရေးပါသော ကုန်သွယ်ရေးစခန်းဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုများကြောင့် အကောက်ခွန်ဆောင်ရွက်မှု၏ လုပ်ငန်းများကို နှောင့်နှေးစေကာ မြန်မာနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်မှုကို ထိခိုက်စေနိုင်သောကြောင့် မြို့အတွင်း စည်းကမ်းချိုးဖောက်မှုများ မရှိစေရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုကို ပိုမိုမြန်ဆန်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
စည်သူမောင်မောင်(ပြန်/ဆက်)