မုံးကိုးမြို့တွင် (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မုံးကိုး မတ်လ ၁၇

၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့်(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ယနေ့နေ့လည်(၁း၀၀)နာရီအချိန်တွင် လမ်းသွားလမ်းလာဒေသခံပြည်သူများကို  လက်ဝယ်အရောက် ဖြန့်ဝေခဲ့ပါသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏အား(၁၀)ပါး၊ ၂၀၂၂ခုနှစ်၊ မတ်လ (၂၇) ရက်နေ့ (၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခန်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေ စည်သူမင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန်ခွန်းကောက်နုတ်ချက်များ၊ (၁၃.၇.၁၉၄၇) ရက်နေ့ မြို့တော်ခန်းမ တွင်ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့ သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ (၂၃.၃.၂၀၂၂)ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာတွင် စာရေးဆရာ ဖိုလေးလုံးသောင်းကိုကို ရေးသားထားသော“ပြည်သူချစ်တဲ့တပ်မတော်” ကဗျာနှင့် “တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည်” ၊ “အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည် မှာတပ်မတော်ပါ” စသည့် တပ်မတော်ကိုယ်စားပြု သတင်းစကားများကို ထည့်သွင်းဖော်ပြထားပါ သည်။ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများနှင့် လမ်းသွား လမ်းလာအလုပ်သမားများကို (၇၈)နှစ်မြောက် တပ်မတော်နေ့ကို အစဉ်အောက်မေ့ သတိတရရှိစေရန် မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက သတင်းစကားလက်ကမ်း စာစောင်များကို အခမဲ့ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြပါသည်။

မုံးကိုး(ပြန်/ဆက်)