ဗန်းမော်မြို့တွင် CLEAN BANMAW SAFETY BANMAW ဖြစ်မြောက်ရေးညှိနှိုင်းဆွေးနွေးပွဲ

ဗန်းမော် မတ် ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တော်ခန်းမ၌ CLEAN BANMAW SAFETY BANMAW ဖြစ်မြောက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်  ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦးက CLEAN BANMAW SAFETY BANMAW ဖြစ်မြောက်ရေးအတွက် ဗန်းမော်မြို့နယ်အတွင်းရှိ ပြည်သူများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများအားလုံး ပူးပေါင်း ဆောင်ရွက် ကြဖို့လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ဗန်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ  ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက ဗန်းမော်မြို့နယ်စည်ပင်သာယာရေးလုပ်ငန်းများနှင့် ကချင်ပြည်နယ် စည်ပင် သာယာရေး ဥပဒေများအား Power Point ဖြင့် ရှင်းလင်းပြောကြားခြင်း၊ CLEAN BANMAW SAFETY BANMAW ဖြစ်မြောက်ရေးအတွက် ဗန်းမော်မြို့အတွင်းရှိ ဈေးဆိုင်များအနေဖြင့် သန့်ရှင်းသော အသား၊ ငါး၊ အစားအစာများ ရောင်းချပေးဖို့လိုအပ်ကြောင်း ၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှလည်း အမှိုက်ပုံးများကို ပြုပြင်၍တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေပါကြောင်း၊ ဆက်သွယ် ရေးရုံး အနီးရှိ အမှိုက်ကန်ထားရှိပေးထားပြီး အမှိုက်ကားကိုလည်း ထားရှိပေးထားပါကြောင်း၊ ယခင်ဂေါ်ရာ ကန်ကိုလည်း ပြည်သူများ အပမ်းဖြေအနားယူနိုင်ရန် မေတ္တာမွန်ကန်နှင့် ကန်သာယာ ဥယျာဉ်အဖြစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးထားပါကြောင်း၊ ပြည်သူများအနေဖြင့် အမှိုက်များကို စည်းမဲ့ကမ်းမဲ့ မစွန့်ပစ်ပဲ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပြီး ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက  စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) ပါစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ဥပဒေပါ အချက်အချို့နှင့် ကုန်ညွှန်း အမှတ်အသားတွင်မဖြစ်မနေ ဖော်ပြရမည့်အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်တစ်ဦးက မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ တရုတ်ပြည်မှ တင်သွင်းလာသည့် ကျန်းမာရေးနှင့် မညီညွတ်သည့် စားသုံးရန် မသင့်သည့် အစားအစာများကို ဗီနိုင်းဖြင့်ဖော်ပြ၍ ရောင်းချသည့် ကုန်စုံဆိုင်များရှေ့တွင် ဆိုင်းဘုတ်စိုက်ထူ၍ အသိ ပညာပေးခြင်း ဆောင်ရွက်ပေးပါရန် အကြံပြု ဆွေးနွေးတင်ပြခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီးက ဗန်းမော်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တူရာတူရာလုပ်ငန်းရှင်များ စုစည်း၍ အသင်းအဖွဲ့ များဖွဲ့စည်း၍ စည်းစည်းလုံးလုံးနှင့်တစ်ဦးနှင့် တစ်ဦး ကူညီဆောင်ရွက်ပေးကြရန်နှင့် ဌာနဆိုင်ရာများနှင့် လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)