ထားဝယ်မြို့တွင်ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကျင်းပ

ထားဝယ်     မတ် ၁၅

စားသုံးသူကဏ္ဍမြှင့်တင်ဖို့   သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့ ဟူသည့်ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီမှ ဦးဆောင်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီးဦးမောင်ကြီးက စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သည့်နေရာတွင် ထိရောက်သော မူဝါဒများချမှတ်နိုင်ရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို အစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြနိုင်ရန်အတွက် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်ကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးသည် နိုင်ငံတစ်နိုင်ငံအတွက် လူမှုရေးနှင့်စီးပွားရေးဝန်းကျင်ကို စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် အရေးပါသော အစိတ်အပိုင်းတစ်ရပ်အနေဖြင့်ပါဝင်ကြောင်း၊ စားသုံးသူရေးရာကော်မတီနှင့် အစိုးရဌာနဆိုင်ရာများက စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးနဲ့ ပတ်သတ်သည့်  တိကျမှန်ကန် ရှင်းလင်းသော သတင်းအချက်အလက်များ ဖြန့်ဝေကြရန်၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းရေး၊ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိရေး အာမခံချက်ပေးနိုင်မည့် ကုန်စည်၊ ဝန်ဆောင်မှုများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ဖော်ဆောင်ဖြည့်ဆည်းပေးကြရန်၊ ဥပဒေနှင့်မညီညွတ်မှုများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအပါအဝင် သက်ဆိုင်ရာ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စားသုံးသူပြည်သူများ အနေဖြင့်လည်း စားသုံးသူ အခွင့်အရေးများကို ကာကွယ်ပေးနေသော ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းတွေ ရှိနေပြီဖြစ်သည့်အတွက်  စားသုံးသူနစ်နာမှုများကြုံလာရပါက သက်ဆိုင်ရာဌာနသို့ တိုင်ကြားခြင်းဖြင့်မျှတသော စီးပွားရေး ပတ်ဝန်းကျင်ကောင်း တည်ဆောက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူး ဦးတင်အောင်ကျော် က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားပြီး  တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များ၊  စားသုံးသူပြည်သူများနှင့် စားသုံးသူ အခွင့်အရေးများ အကြောင်းဆွေးနွေး မေးမြန်းကာ တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)