ကလိန်အောင်မြို့ဒေသထွက် ကိုကိုးသီးများမှ ထုတ်လုပ်‌သော ကုန်ချောပစ္စည်းများကို ဈေးကွက်တိုးချဲ့ ဖြန့်ဖြူးရောင်းချသွားမည်

ကလိန်အောင် မတ် ၁၅

မြန်မာနိုင်ငံတောင်ဘက်ပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ဒေသမြို့တမြို့တည်းတွင် ထွက်ရှိသည့် ကိုကိုးအသီးမှ ထုတ်လုပ်ရရှိသည့် ချောကလက်နှင့် ဆက်စပ်ကုန်ပစ္စည်းများကို တခြားမြို့နယ်များကိုပါ စတင်၍ တိုးချဲ့ဖြန့်ဖြူး‌ ရောင်းချသွားမည်ဖြစ်ကြောင်း ကလိန်အောင်မြို့ရှိ အောင်ဇမ္ဗူကိုကိုးထုတ်လုပ်‌ ရောင်းချသူ ဦးနေလင်းအောင်၏ ပြောပြချက်အရ  သိရသည်။

ကလိန်အောင်မြို့ ဒေသတွင် ကိုကိုးသီးကုန်ကြမ်းများမှ ထုတ်လုပ်ရရှိတဲ့ ကုန်ချောပစ္စည်းဖြစ်သည့် ချောကလက်(၄)မျိုး၊ ထောပတ်၊ လက်ဖက်ခြောက်၊ ကိုကိုးအမှုန်၊ ကိုကိုးဝိုင်တို့ကို ထားဝယ်မြို့၊ မော်လမြိုင်နှင့် ရန်ကုန်မြို့ ဈေးကွက်သို့ စတင်ပြီး တင်ပို့ရောင်းချ ဖြန့်ဖြူးရောင်းချရကြောင်း သိရသည်။

လက်ရှိဈေးကွက်မှာ ချောကလက်(၄)မျိုး (၈၀)ဂရမ်ပါတစ်ဘူးလျှင် ငွေ(၄၀၀၀)ကျပ်၊ ကိုကိုးအမှုန့် (၁၀၀)ဂရမ်တစ်ထုပ်လျှင် ငွေ(၃၀၀၀)ကျပ်၊ လက်ဖက်ခြောက်အထုပ် သေး (၁၀)ထုပ်ပါသည့် တစ်ထုပ်လျှင် ငွေ(၂၀၀၀)ကျပ်၊ ကိုကိုးထောပတ်တစ်ကီလိုလျှင် ငွေ(၄၀၀၀၀) ကျပ်၊ ကိုကိုးဝိုင်(750ml)တစ်ပုလင်းလျှင် ငွေ(၁၀၀၀၀)ကျပ်အထိ ရောင်းချနေရကြောင်း သိရသည်။

ကိုကိုးအသီးမှာ ကုန်‌ချော ချောကလပ်အဖြစ် ၂၀၂၀ ခုနှစ်လောက်ကတည်းက စမ်းသပ်ထုတ်လုပ်ခဲ့တာပါ၊ အောင်မြင်ဖြစ်ထွန်းပြီး အရည်သွေးလည်း ကောင်းမွန်တယ်၊ ကုန်ချောစတင်ထုတ်လုပ် အောင်မြင်ပြီးကတည်းက ရန်ကုန်မြို့၊ မော်လမြိုင်မြို့၊ ထားဝယ်မြို့နှင့် တခြားမြို့ကြီးတွေကို တင်ပို့ရောင်းချလျက်ရှိသည်။

တနင်္သာရီတိုင်းမှာဆိုရင်  ကိုကိုးအသီးမှာ ထုတ်လုပ်ရရှိသည့် ချောကလက်နှင့် အခြားလူသုံးကုန် ဆက်စပ်ပစ္စည်းများကို ကလိန်အောင်မြို့တစ်မြို့တည်းပဲ ကုန်ချောအဖြစ် ပထမဦးဆုံး ထွက်ရှိတာပါ၊ အခုဆိုရင် တခြားမြို့နယ်တွေကပါ တဖြည်းဖြည်းနဲ့ အသိများလာကြတယ်၊ ဒါကြောင့် ကျနော်က မြိတ်မြို့၊ ကော့သောင်းမြို့နှင့် မြန်မာပြည်မှာရှိတဲ့ တခြားမြို့ကြီးတွေကိုပါ ဈေးကွက် ထိုးဖောက်ပြီး တိုးချဲ့ဖြန့်ဖြူးရောင်းချသွားရန် စီစဉ်ဆောင်ရွက်နေပါတယ်" ဟု ကလိန်အောင်မြို့ရှိ အောင်ဇမ္ဗူကိုကိုးထုတ်လုပ်‌ ရောင်းချသူ ဦးနေလင်းအောင်က ပြောသည်။ လက်ရှိကုန်ချောများကို တခြားမြို့နယ်များမှ လိုအပ်၍ အော်ဒါမှာယူမှသာ လက်ဆပ်သန့်ရှင်းစွာ ထုတ်လုပ်၍ တင်ပို့ပေးလျက်ရှိကြောင်း သိရသည်။ ကလိန်အောင်မြို့ ဒေသအတွင်းမှ ထွက်ရှိသည့် ကိုကိုးအသီးများကို အာနန္ဒာကိုကိုးကော်ဖီကုမ္ပဏီမှ လာရောက်ဝယ်ယူကြသလို့ ကလိန်အောင်မြို့ အောင်ဇမ္ဗူကိုကိုးခြံလုပ်ငန်းက ဝယ်ယူကြပြီး လက်ရှိပေါက်ဈေးနှုန်းမှာ တစ်ကီလိုလျှင် ငွေ(၄၅၀)ကျပ်ဖြင့် ရောင်းချရကြောင်း ကလိန်အောင်မြို့မှ စိုက်ပျိုးတောင်သူတစ်ဦးက‌ ပြောသည်။

ကိုကိုးအပင်များကို ဇွန်လမိုးရာသီးတွင်စတင်စိုက်ပျိုးရာတွင် (၃) နှစ်ကြာတွင် ပန်းများစပွင့်ပြီး (၅)နှစ်ကြာမှာ ခူးဆွတ်ရောင်းချရပြီး နှစ်ရှည်အပင်ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ကိုကိုးအပင် မျိုးစေ့များကို ရတနာလူမှုစီးပွား စိုက်ပျိုးရေးအဖွဲ့နှင့် အာနန္ဒာကိုကိုးကော်ဖီကုမ္ပဏီတို့ က ပူးပေါင်းပြီး ကလိန်အောင်မြို့နှင့် ကံပေါက်ဒေသတို့တွင် စမ်းသပ်စိုက်ပျိုးရာအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)