ကွတ်ခိုင် မတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခွန်ဦးစီးဌာန တို့ပူးပေါင်းကျင်းပသော အခွန်ဆိုင်ရာအကြောင်း အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ(Talk Show)ဆွေးနွေးပွဲတွင် ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက အသိပညာပေး(Talk Show) ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ဆွေးနွေးပြောကြားပြီး၊ ကွတ်ခိုင်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဒီလွမ်းနောက အများပြည်သူများသိသင့်သိထိုက်သော အခွန်ဆိုင်ရာအကြောင်းများဖြစ်သည့် “ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသော အခွန်(၆)မျိုးမှာ (၁)ဝင်ငွေခွန်၊ (၂)ကုန်သွယ်ခွန်၊ (၃)တံဆိပ်ခေါင်းခွန်၊ (၄)အောင်ဘာလေသိန်းဆုခွန်၊ (၅)အထူးကုန်စည်ခွန်နှင့် (၆)ရတနာခွန်တို့ဖြစ်ပြီး၊ အဆိုပါအခွန်(၆)မျိုးအနက်မှ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားများကို ၂၀၁၄ ခုနှစ်မှ စတင်၍လည်းကောင်း၊ အထူးကုန်စည်ခွန်နှုန်းထားများကို ၂၀၁၆ ခုနှစ်မှ စတင်၍လည်းကောင်း နှစ်စဉ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်သည့်အတိုင်း ကောက်ခံဆောင်ရွက်လျက်ရှိပြီး ရတနာခွန်နှုန်းထားများကို ၂၀၁၉ ခုနှစ်မှစတင်ကာ နှစ်စဉ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်းလွှဲပြောင်းပေးသွင်းမှုကို လက်ခံဆောင်ရွက်လျက်ရှိကြောင်းပြောကြားကာ၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် (က)အခွန်ကောက်ခံရရှိမှု အမြင့်မားဆုံးဖြစ်စေရန်၊ (ခ)အခွန်အခြေကိုချဲ့ထွင်ရန်၊ (ဂ)လိုက်နာဆောင်ရွက်မှုကို တိုးတက်စေရန်နှင့်တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ရန်၊ (ဃ)အခွန်စီမံခန့်ခွဲမှုကို ခေတ်မီအောင်ဆောင်ရွက်ရန် စသည့်အခွန်နှင့်ပတ်သက်သည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသွားကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)