မူဆယ် မတ် ၁၅
ဒေသခံပြည်သူများနှင့် လူငယ်၊လူရွယ်များကို အသိပညာဗဟုသုတများ တိုးတက်မြင့်မားရေး၊ စာဖတ်ရှိန်မြင့်မားရေးနှင့် စာအုပ်၊ စာစောင်များနှင့် ပိုမိုရင်းနှီးမှုရှိစေရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက mobile library စနစ်ဖြင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းသို့ ယမန်နေ့နံနက် (၁၁း၀၀)နာရီအချိန်တွင် သွားရောက်၍ နယ်လှည့်ကွင်းဆင်းပြီး စာအုပ်၊ စာစောင်နှင့် သုတရသစာပေများကို အခမဲ့ငှားရမ်းပေးခဲ့ပါသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ဦးမှ ဒေသခံပြည်သူများဆီသို့ လက်ဝယ်အရောက် mobile libraryစနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်၊ လူရွယ်များကို အားလပ်ချိန်၌ အချိန်ကိုအကျိုးရှိစွာအသုံးချပြီး အသိပညာဗဟုသုတတိုးတက်လာစေရေးနှင့် လူလောကပေါင်းသင်းဆက်ဆံ ရေးကောင်းမွန်စေရန် စာဖတ်သင့်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ မြသန်းတင့်ရေးသားထားသော “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်”ဝတ္ထုတိုကို စာအုပ်၊ စာစောင်သွားရောက်ငှားရမ်းသည့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းမှ သင်တန်းသူလေးများကို အတုယူဖွယ်၊ ဗဟုသုတဖြစ်ဖွယ် ထပ်ဆင့်မျှဝေပြောကြားခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၎င်းတို့ယူဆောင်လာသော စာအုပ်စာစောင်၊ သုတရသ၊ ဝတ္ထုတိုများနှင့် မဂ္ဂဇင်းများကို သင်တန်းသူများက မိမိတို့ကြိုက်နှစ်သက်ရာကို အခမဲ့ငှားရမ်းစေခဲ့ပြီး စာအုပ်အပ်ရက်ကို (၃)ရက်သတ်မှတ်ထားသော်လည်း အားလပ်ချိန်တွင် အေးအေးဆေးဆေး စိတ်အပန်းပြေဖတ်ရှုနိုင်စေရန် စာအုပ်အပ်ရက်ကို တိုးမြှင့်ငှားရမ်းပေးထားကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)