တာချီလိတ် မတ် ၁၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက "ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ရေး" ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်တွင် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က On line အသိပညာပေး Talk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးဝင်းသူမှ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ရေးလိုအပ်ပုံ၊ ရာသီဥတုပြောင်းလဲရခြင်းတွင် သဘာဝအရပြောင်းလဲခြင်းနှင့် လူသားတို့၏ အမူအကျင့်များကြောင့် ပြောင်းလဲခြင်းစသည့်အကြောင်းရင်းများ၊ မှန်လုံအိမ်ဓာတ်ငွေ့နှင့် ရာသီဥတုပြောင်းလဲမှုဆက်နွယ်ပုံ၊ ကမ္ဘာမြေကြီးအားထိန်းသိမ်းဖို့ ရာသီဥတုပြောင်းလဲမှုကို လျော့ချနိုင်မည့် နည်းလမ်းများနှင့် ရာသီဥတုပြောင်းလဲမှုမဖြစ်ပေါ်ရန် လူသားတိုင်း ပါဝင်ကူညီဆောင်ရွက်တတ်စေရန် စသည်တို့အား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)