ကျောက်မဲ မတ် ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ အောင်ဆုပန် ကျောင်းတိုက်၌ ယနေ့မွန်းလွဲ ၁ နာရီ အချိန်က ကျောက်မဲမြို့နယ် သံဃာ့နာယက ဆရာတော်များ၊ ခရိုင်သာသနာဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်မှု အဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်စီမံအုပ်ချုပ်မှု အဖွဲ့ဝင်များတို့ တက်ရောက်ပြီး ၂၀၂၃ ခုနှစ် ပါဠိပထမပြန် စာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို အမှတ် ၂ ရပ်ကွက်ရှိ အ.မ.က ၈ ကျောင်းအတွင်း မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်း ပါဠိပထမပြန် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် ကျောက်မဲမြို့နယ်ရှိ ကျောင်းတိုက် ၁၈ တိုက်မှ သံဃာတော်ပေါင်း ၂၁၂ ပါးရှိကြောင်း ခရိုင်သာသနာရေးဦးစီးဌာနမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)