ဟားခါး မတ် ၁၄
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်စားသုံးသူ ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က ဤအခမ်းအနားကျင်းပ ရခြင်း၏ ရည်ရွယ်ချက်ကတော့ ကျောင်းသား/သူများကို စားသုံးသူအခွင့် အရေးနှင့် ပတ်သက်သည့် ဗဟုသုတ များ ရရှိစေရန်၊ စားသုံးသူအကာအကွယ်ပေးရေး၏ အဓိပ္ပာယ်နှင့် စားသုံးသူများ သိသင့်သိထိုက်သည့် အကြောင်း အရာများကို ကျောင်းသား/သူများမှ မိမိတို့မိသားစု၊ သူငယ်ချင်း အပေါင်းအသင်းများအား ပြန်လည်မျှဝေ စေလိုခြင်းပင်ဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ယနေ့ပြိုင်ပွဲမှာ မေးမြန်းခဲ့သည့် မေးခွန်းများအား သေချာမှတ်ယူနားထောင်၍ မှန်မှန်ကန်ကန် ဖြေဆိုနိုင်ကြပါစေကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အခမ်းအနား တက်ရောက်လာကြသူများ အား စားသုံးသူအသိပညာပေးဆိုင်ရာများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှူးက Happy Water အကြောင်းနှင့် စားသုံးသူ ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသိန်း က စားသုံးသူအသိပညာပေးဆိုင်ရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်မည့် ကျောင်းသား/ ကျောင်းသူ များ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် စားသုံးသူအသိပညာပေးဆိုင်ရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ရာ ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဟားခါးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူ များက ကျောင်းသား၊ ကျောင်းသူများအား အဖွဲ့(၇) ဖွဲ့ခွဲ၍ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ဉာဏ်စမ်း မေးခွန်းများကို မေးမြန်းကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ ရွေးချယ်ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)