နမ္မတူမြို့နယ်၌ အား/ကာသိပ္ပံကျောင်း (တောင်ကြီး)သို့ တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်

နမ္မတူ မတ် ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အား/ကာသိပ္ပံကျောင်း (တောင်ကြီး)သို့ တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  မတ်လ (၁၄) ရက်နေ့မှစတင်ကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတွင် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့အား/ကာသိပ္ပံကျောင်း (တောင်ကြီး)သို့ တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ၂၀၀၉ ခုနှစ် နောက်ပိုင်းမွေးဖွားသူ Grade (8)ဖြေဆိုပြီးစီးကာ ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည့်အပြင် ကျောင်းသားဖြစ်လျှင် အရပ်  ငါးပေလေးလက်မခန့် အနိမ့်ဆုံးရှိပြီး၊ ကျောင်းသူဖြစ်လျှင် အရပ်ငါးပေသုံးလက်မခန့် အနိမ့်ဆုံးရှိရမည်ဖြစ်ကာ သင်တန်းသက်ရောက်ခွင့်ရရှိလျှင် နေထိုင်စားသောက်ရေး၊ ကျန်းမာရေးကိစ္စအဝဝနှင့် ပညာရေးကိစ္စရပ်များကို နိုင်ငံတော်မှ တာဝန်ယူ မည်ဖြစ်သည်။

စာရင်းပေးသွင်းသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လျှင်မြန်မှုစစ်ဆေးခြင်း၊ ပခုံး၊ လက် ခွန်အားစစ်ဆေးခြင်း၊ ဝမ်းဗိုက်အင်အားစစ်ဆေးခြင်း ခြေထောက်အင်အားစစ်ဆေးခြင်း၊ သက်လုံစစ်ဆေးခြင်းနှင့် စပ်လျဉ်းသည့် လေ့ကျင့်ခန်းများအား လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။

နမ္မတူမြို့နယ်အတွင်းရှိ အား/ကာသိပ္ပံကျောင်း (တောင်ကြီး)သို့ တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် မတ်လ (၁၄)ရက်နေ့မှစတင်ကာ မဟာသင်္ကြန်မတိုင်မီ ကာလအတွင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၌ စာရင်းပေးသွင်းနိုင်ကြောင်း မဟာသင်္ကြန်ကာလပြီးပါက ကျောက်မဲခရိုင်ရုံးတွင် လူတွေ့စစ်ဆေးရွေးချယ်မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်းနံ ပါတ်- 09265283737နှင့် 09691035255 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း မြို့နယ် အားကစားမှူး ဒေါ်ရွှေမာထံကသိရသည်။

လူမော် (ပြန်/ဆက်)