မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အသိပညာပေး (Talk Show) ပြုလုပ်

မိုင်းခုတ် မတ် ၁၄     

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ''လူငယ်နဲ့ လက်များ''ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေး(Talk Show)ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃၊ ဒေါ်ဇင်မီ မီထွန်းက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ''လူငယ်နဲ့ လက်များ''ခေါင်းစဉ်ဖြင့် လူသားဘဝဖြစ်တည်မှု အတွက် လက်တွေဟာ များစွာအသုံးဝင်ကြောင်း၊ ပေးသောလက်ရှိသလို ယူသောလက်လည်း ရှိကြောင်း၊ ကူညီတဲ့လက်ရှိသလို မကူညီလိုတဲ့လက်တွေလည်းရှိကြောင်း၊ လူသားတိုင်း တစ်ယောက်နှင့် တစ်ယောက်ဖြစ်တည် ရရှိထားသည့် လက်တွေဟာ အတိုအရှည်မတူသလို တုံ့ပြန်ပုံ၊ ပြုမူပုံ၊ အသုံးချပုံတွေဟာလည်း မတူညီကြကြောင်း၊ အချို့ လက်တွေဟာ ကမ္ဘာကြီးကို ဖျက်ဆီးပစ်ဖို့၊ လူသားဘဝတွေကို သေကြေပျက်စီးဖို့အတွက် အသုံးပြုကြကြောင်း၊ လက်နဲ့ပတ်သတ်ပြီး လူတွေအနေနဲ့ လှပအောင်ဆိုပြီး တန်ဆာမျိုးစုံဆင်မြန်းဝတ်ဆင်ကြကြောင်း၊ တကယ် တော့ လက်၏ အဆင်တန်ဆာအစစ်မှာ လူသားအကျိုးပြုလုပ်ငန်းတွေ၊ ပေးကမ်းဝေငှမှုတွေ၊ ကူညီရိုင်းပင်းမှုတွေ စသည့် ဒါနအမှုတွေသာဖြစ်ကြောင်း၊ ထိုမှသာ လက်အလှပိုင်ရှင်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ လူသားတိုင်းအနေဖြင့် မိမိ၏ လက်ကလေးတွေလှပအောင် စစ်မှန်တဲ့တန်ဆာတွေနဲ့ ဆင်မြန်းသင့်ကြောင်း စသည့်အကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ''လူငယ်နဲ့ လက်များ'' အသိပညာပေး (Talk Show)ကို အများပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် လေ့လာကြည့်ရှုနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ ဖွင့်လှစ်ထားသည့် We Love Mong Khoke Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ပြီး မည်သူ မဆိုဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)