တောင်ဥက္ကလာပ မတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစား သင်တန်းများအား မတ်လ (၁) ရက်နေ့မှစ၍ မတ်လ (၃၁) ရက်နေ့ထိ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမ၌ အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လေးဇာဇာလှိုင်းမြင့်က နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ မိမိတို့ဝါဿနာပါတဲ့ အားကစားနည်းတွေကို ရွေးချယ်လေ့လာသင်ယူနိုင်စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်မည့် ထူးချွန်ထက်မြက်သော လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံ အားကစား သင်တန်းများ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နွေရာသီအခြေခံ အားကစားနည်း (၄) မျိုးဖြစ်သည့် တိုက်ကွမ်ဒို၊ ကရာတေး၊ အေရိုးဗစ်၊ ဘောလုံးသင်တန်းများကို ပဒေသာအားကစားခန်းမ၌ သင်တန်းနည်းပြဆရာများက တိုက်ကွမ်ဒို သင်တန်းသား/ သူ (၁၀၀)ဦး၊ ကရာတေး သင်တန်းသား/ သူ (၇၈)ဦး၊ အေရိုးဗစ် သင်တန်းသား/ သူ (၆၀) ဦး၊ ဘောလုံး သင်တန်းသား/ သူ (၅၀)ဦးအား မတ်လ(၁)ရက်နေ့မှစ၍ မတ်လ (၃၁) ရက်နေ့ထိ နံနက် (၈)နာရီမှ ညနေ (၅)နာရီအထိ အသီးအသီး လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီတာအေး