မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးများထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

ဒေါပုံ      မတ်      ၁၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးများထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀  နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ မီးလောင်ရန် လိုအပ်သည့်အကြောင်းအရင်းများ၊ မီးလောင်ခြင်းအမျိုးအစားများ၊ မီးအမျိုးအစားအလိုက်ငြိမ်းသတ်နည်းစနစ်များ၊ မီးလောင်မှုများဖြစ်ပေါ်ပါက ဆက်သွယ်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြင်တွင် အသက်အန္တရာယ်မဆုံးရှုံးစေရန် သတိထားလိုက်နာသင့်သည့် အကြောင်းအရာများအားစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍  မီးသတ်ဆေးဘူးများကို ထားရှိသင့်သည့်အရေအတွက်ပမာဏ အတိုင်းထားရှိမှု ရှိ၊ မရှိနှင့် သက်တမ်းလွန်ဆေးဘူးများ မဖြစ်စေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။ 

ထို့နောက် သက်ဆိုင်ရာဌာနများရှိ တာဝန်ရှိသူနှင့်ဝန်ထမ်းများအား မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးသတ်ဆေးဘူးအသုံးပြုပုံအဆင့်ဆင့်ကို စနစ်တကျရှိစေရေး လက်တွေ့သရုပ်ပြဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)