မိုင်းပန်မြို့နယ်၌ ဆောင်းသီးနှံကြက်သွန်ဖြူ စတင်နှုတ်ယူချိန်တွင် ဈေးကောင်းရရှိ

မိုင်းပန် မတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ စိုက်ပျိုးတောင်သူများသည် မြို့နယ်အတွင်းနှင့် ကျေးလက်ဒေသရှိ လယ်/ယာမြေများတွင် မိုးစပါးရိတ်သိမ်းပြီး ဆောင်းသီးနှံအဖြစ် အဓိကစိုက်ပျိုးထားရှိသည့် ကြက်သွန်ဖြူများ စတင်နှုတ်ယူချိန်တွင် ဈေးကောင်းရရှိနေကြောင်းနှင့် ကဆုန်လပြည့်နေ့တွင် ကောက်ယူမည့် ကြက်သွန်ဖြူများကိုလည်း ဈေးအရင်ပေးချေစနစ်ဖြင့် ဖောက်သည်များ စတင်ဝယ်ယူနေပြီး ဖြစ်ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ ကြက်သွန်ဖြူများကို နိုဝင်ဘာလမှ စတင်စိုက်ပျိုးကြပြီး ကြက်သွန်ဖြူဥ ပိုမိုကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်လာစေရန်အတွက် ရေများသွင်းပေးခြင်း၊ သဘာဝ မြေဩဇာများ ကျွေးခြင်း၊ ပိုးသတ်ဆေးများ ဖျန်းပက်ပေးခြင်းတို့ဖြင့် ပြုစုပျိုးထောင်ပြီး ရက် (၁၂၀) ကျော်ခန့်မှ နှုတ်ယူခြင်းနှင့် ယခုအချိန်တွင် စတင်နှုတ်ယူနေပြီဖြစ်ပြီး ဈေးကောင်းရရှိလျက်ရှိသည်။ ယခုနှစ်တွင် ကြက်သွန်ဖြူဥကြီးဈေး (၁)ပိဿာလျှင် ငွေကျပ်(၇၀၀၀)၊ ဥသေး (၁)ပိဿာလျှင် ငွေကျပ်(၆၅၀၀) ရှိပြီး  ကြက်သွန်ဖြူစိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိုင်းပန်မြို့နယ်အတွင်း လယ်/ယာကြက်သွန်ဖြူ အထူးကောင်းမွန်သည့်နေရာများတွင် (၁)ဧက ထွက်နှုန်း(၂၄၀၀)ပိဿာ၊ ကောင်းမွန်သည့် နေရာများတွင် (၁၇၀၀)ပိဿာ၊ အသင့်အတင့်နေရာများတွင် (၁၃၀၀)ပိဿာနှင့် ဒေသထွက်နှုန်း (၁)ဧကလျှင် (၁၈၀၀)ပိဿာ ရရှိကြပြီး ၂၀၂၂-၂၀၂၃ခုနှစ်အတွင်းတွင်  စုစုပေါင်း (၃၁၂၉)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

မိုင်းပန်ဒေသထွက် ကြက်သွန်ဖြူများသည် ဥကြီးခြင်း၊ အရောင်အဆင်းလှခြင်း၊ အထားသို ခံခြင်းတို့ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း)ရှိ တချို့မြို့နယ်မှ လာရောက်ဝယ်ယူပြီး နောက်နှစ်စိုက်ရန်အတွက် လာရောက်ဝယ်ယူခဲ့ကြကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင်လည်း တင်သွင်းရောင်းချလျက်ရှိကြကြောင်း သိရသည်။

နော်မှိုင်း(မိုင်းပန်