ရပ်ကွက်၊ ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

တွံတေး မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပသော အခြေခံစက်ချုပ်သင်တန်းကို ရပ်ကွက်၊ ကျေးရွာရှိအမျိုးသမီးငယ်များ အိမ်မှုကိစ္စအပြင် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းသင်တန်းများတက်ပြီး အခြေခံစက်ချုပ်သင်တန်းမှတစ်ဆင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အခြေခံမှတစ်ဆင့် အဆင့်မြင့်သင်တန်းများအတွက် အခြေခံရရှိရေးမိသားစုဝင်ငွေတိုးစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်ဦးက အခြေခံစက်ချုပ်သင်တန်းကို တွံတေးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန်ရည်ရွယ်၍ မြို့နယ်များ၌ အခြေခံစက်ချုပ်သင်တန်းများ ဖွင့်လှစ်ပေးနေမှုတို့အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမဒေါ်သန်းသန်းအေးက သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက်အကူနည်းပြဆရာမ မနန်းကြည်ပြာဦးက သင်ကြားပေးမည့် အကြောင်းအရာများပြောကြားရာတွင် ချုပ်ရိုးဖြောင့်စေရန်စက်နင်းခြင်း၊ ကိုယ်တိုင်းတိုင်းနည်း၊ ကိုယ်တိုင်းတွက်ချက်နည်း၊ အင်္ကျီတွက်နည်း၊ အင်္ကျီညှပ်နည်း၊ စက္ကူနှင့် အင်္ကျီညှပ်ခြင်း၊ ပိတ်စဖြင့်အင်္ကျီညှပ်ခြင်း၊ ကော်ကပ်နည်း/ချုပ်နည်း၊ ကိုယ်တိုင်အင်္ကျီချုပ်ခြင်းများကို နေ့စဥ် နံနက် ၉ နာရီမှ ၁၁ နာရီထိ၊ ညနေ ၄ နာရီမှ ညနေ (၅:၃၀) နာရီအထိ တစ်နေ့ကို ၂ ချိန်ခွဲ၍ သင်ကြားပေးသွားမည်ဖြစ်သည့်အတွက် သင်တန်းသူများက ကြိုးကြိုးစားစားသင်ယူကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲသို့ တွံတေးမြို့နယ်၊ သင်တန်းနည်းပြဆရာမများနှင့် ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသူ(၁၀)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၂၀)ရက်ကြာ သင်တန်းဖြစ်ကာ စက်ချုပ်ဆိုင်ရာများနှင့်အမျိုးသမီးဝတ်အင်္ကျီ ကိုယ်တိုင်ညှပ်၊ ချုပ်နိုင်သည့်အထိစာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တွံတေးသား