လှည်းကူးးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

လှည်းကူး မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပေးနှိုးဆော်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲထွန်းနောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်မင်း၊ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးဒုရဲမှူးအောင်ခိုင်ကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညပိုင်းက မီးသတ်ယာဉ်ဖြင့် လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့သွားရောက်ပြီး လှည့်လည်အသိပညာပေးနှိုးဆော်ကြသည်။      

အဆိုပါမီးဘေးအန္တရာယ်အသိပေးနှိုးဆော်ရာတွင် မီးဘေးလုံခြုံရေးဆိုင်ရာညွှန်ကြားချက်များဖြစ်သည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ၏နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ မီးသုံးစွဲလျှင်အမြဲလူစောင့်ထားရှိပေးပါ၊ နေအိမ်များတွင်လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသောဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ်ပစ္စည်းများအားအသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြှိမ်းသတ်ကြရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊ ခြင်ဆေးခွေများအား ငြှိမ်းသတ်ထားကြရန်နှင့်မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန်စသည့်အချက်တို့အား အသိပညာပေးနှိုးဆော်ကြကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)