သာကေတမြို့နယ်စာရေးဆရာ အသင်းသက်ကြီးပူဇော်ပွဲနှင့် သင်းလုံးကျွတ်မျက်နှာစုံညီ စည်းဝေးသာကေတမြို့နယ်၌ ကျင်းပ

သာကေတ  မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူး၍ ယနေ့နံနက် ၉နာရီ၌ ၆/အနောက်ရပ်ကွက်၊ ဇမ္ဗူ့ပညာစာကြည့်တိုက်တွင် သက်ကြီးပူဇော်ပွဲနှင့် သင်းလုံးကျွတ် မျက်နှာစုံညီအစည်းအဝေးကိုကျင်းပခဲ့သည်။

ရှေးဦးစွာ သာကေတမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာကြီးမြေလတ်မြတ်သူမှ မုဒိတာစကားပြောကြားခဲ့သည်။ထို့နောက်သက်ကြီးပူဇော်ပွဲ ဆက်လက်ကျင်းပခဲ့ရာဆရာ မဇင်ဝေဝေနှင်း(အယူတော်မင်္ဂလာ)မှ ဦးဆောင်ကာ မြို့နယ်စာရေးဆရာအသင်းဝင်များမှ ကန်တော့ချိုးဖြင့် ကန်တော့ခံသက်ကြီးစာရေးဆရာများအား ပူဇော်ကန်တော့ခဲ့ကြသည်။ ထို့နောက် သာကေတ မြို့နယ်၊စာရေးဆရာအသင်းဝင်အသက်(၇၅)နှစ်နှင့် အထက်သက်ကြီး စာပေပညာရှင် (၂၄)ဦး အားတစ်ဦးလျှင်ငွေကျပ်(၅၀၀၀၀/-)နှုန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား တာ ဝန် ရှိသူများမှ ပူဇော်ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး ဒုတိယပိုင်းအစီအစဥ်အဖြစ် သာကေတမြို့နယ် စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့၏နှစ်ပတ်လည် (၂၀၂၂)ခုနှစ်မျက်နှာစုံညီအစည်းအဝေးကို ကျင်းပရာအလုပ်အမှုဆောင်အဖွဲ့၏(၂၀၂၂)ခုနှစ်နှစ်ပတ်လည် အစီရင်ခံစာကို ဆရာမစိန်မေရီလွင်မိုးမှ ရှင်းလင်းတင်ပြကာ ဘဏ္ဍာရေးရှင်းတမ်းအားဆရာ မောင်ညီဦး (က.စ.လ)မှဖတ်ကြားရှင်းလင်းခဲ့ရာ မြို့နယ်စာရေးဆရာ အလုပ်အမှု ဆောင်များနှင့်အသင်းဝင်များမှ အတည်ပြုထောက်ခံခဲ့ကြသည်။ ယင်းနောက် မြို့နယ်စာရေးဆရာအသင်း (ဥက္ကဋ္ဌ)ဆရာမြေလတ်မြတ်သူမှ ကျေးဇူးတင်စကား ချီးမြှင့်ကာအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)