မြိတ် မတ် ၁၂
နိုင်ငံတော်အစိုးရ၏ သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ် ချီးမြှင့်ခြင်းခံရသည့် နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိ စာသင်တိုက်ဆရာတော်သည် မတ်(၁၂)ရက် နံနက်ပိုင်းက မြိတ်မြို့သို့ ပြန်လည်ကြွရောက်လာရာ မြိတ်လေဆိပ်တွင် ဆရာတော် သံဃာတော်၊ သီလရှင်များ၊ ဌာနဆိုင်ရာများနှင့် တပည့်ဒါယကာ၊ ဒါယိကာမများက ကြိုဆိုပင့်ဆောင် ဂုဏ်ပြုပူဇော်ခဲ့ ကြသည်။
သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို အဂ္ဂမဟာပဏ္ဍိတလဒ္ဓလဉ္ဆန ဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ဂန္ထန္တရဗာဟုသစ္စဂုဏ်၊ ဗဟုဇနဟိတသုခါဝဟဂုဏ်၊ ဂန္ထရစနာ ဂုဏ်တို့နှင့် ပြည့်စုံတော်မူသည့် မြိတ်မြို့ လှည်းဘီးပရိယတ္တိစာသင်တိုက် ဆရာတော်အရှင်မြတ် အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ တပေါင်းလပြည့်နေ့တွင် ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ဆရာတော်အား ကြိုဆိုပင့်ဆောင် ဂုဏ်ပြုပူဇော်ရာတွင် မြိတ်မြို့ရှိ ဆရာတော်သံဃာတော်များ၊ တပည့်ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများ၊ တပည့်ဒါယကာ၊ ဒါယိကာမများက ကြိုဆိုခဲ့ကြပြီး ဆရာတော်ကြီးအား ဂုဏ်ပြုမော်တော်ယာဉ် ပလ္လင်ထက်သို့ပင့်ဆောင်ကာ အများပြည်သူ ပူဇော်ကြည်ညို နိုင်စေရန် လေဆိပ်မှစ၍ မြို့တွင်းလမ်းတစ်လျှောက် လှည့်လည်အပူဇော်ခံခဲ့ကြ၍ စာသင်တိုက် သို့ ပင့်ဆောင်ပူဇော်ခဲ့ကြသည်။ ဆရာတော်အရှင်မြတ်၏ ဂုဏဝိသိဋ္ဌ ပူဇော်ပွဲကို ဧပြီ(၂၃) ရက် တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )