မြစ်သား မတ် ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြစ်သားစိုက်ပျိုးရေးသုတေသနခြံတွင် ပြောင်းသီးနှံတွင် ဆိုးရွားစွာ ကျရောက် ဖျက်ဆီးတတ်သော ဖောငမြောင်တောင်ပိုးအား သီးညှပ်စိုက်ပျိုးခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်မှုကို သိရှိနိုင်ရန် ရည်ရွယ်၍ သီးညှပ်စိုက်ပျိုးခြင်းဖြင့် ဖောငမြောင်တောင်ဖျက်ပိုး ကာကွယ်နှိမ်နင်းခြင်း တောင်သူပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်း အချိန်က အဆိုပါ ရုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သီးညှပ်စိုက်ပျိုးခြင်းဖြင့် ဖောငမြောင်တောင်ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်း တောင်သူ ပညာပေးသင်တန်းတွင် နေပြည်တော် ဥယျာဥ်ခြံ သီးနှံသုတေသနဌာနခွဲ (ပိုးမွှား) ညွှန်ကြားရေးမှူး ဒေါက်တာ ခင်သိန်းညွန့်က သင်တန်းအဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီး မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဦးဘိုဘိုအောင်က သီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရန်အတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း တောင်သူများအား အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြစ်သားသုတေသနခြံမှ လက်ထောင်သုတေသနအရာရှိ ဒေါက်တာ ငြိမ်းချမ်းမော်မှ သီးညှပ်စိုက်ပျိုးခြင်းဖြင့် ဖောငမြောင်တောင်ဖျက်ပိုးမွှား ကာကွယ်နှိမ်နင်းနိုင်မှုအကြောင်းနှင့် စိုက်ပျိုးရေးသုတေသန(အပင်ရောဂါ)ဌာနမှ လက်ထောက်သုတေသနအရာရှိ ဒေါက်တာနေနေဦးမှ ပြောင်းရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ၊ ပြောင်းသီးနှံတွင် ကျရောက်တတ်သော ရောဂါများအကြောင်းကို ရှင်းလင်း ဆွေးနွေး ပို့ချခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒေါက်တာ ခင်သိန်းညွန့်(ပိုးမွှား)နှင့်ဒေါ်ယဉ်ယဉ်သိမ့် (ပေါင်းသုတေသန)တို့က ဖောငမြောင်တောင်ပိုးကို သီးနှံပုံစံစိုက်နည်းစနစ်ဖြင့် နှိမ်နင်းခြင်းအကြောင်းပါ ဖျက်ပိုးလက္ခဏာများ၊ ဖျက်ဆီးမှုလက္ခဏာများ၊ ကြိုတင်ကာကွယ်ခြင်း၊ သီးနှံပုံစံစိုက်နည်းစနစ်ဖြင့် ကာကွယ်ခြင်း၊ ပြောင်းနှင့် ပဲသီးညှပ်စိုက်ပျိုးခြင်း၊ ပြောင်းသီးနှံတွင် ပေါင်းမြက်ကာကွယ်နှိမ်နင်းနည်းများ စသည်တို့ကို အသေးစိတ် ရှင်းလင်း ဆွေးနွေး ပို့ချသည်။
အဆိုပါ သင်တန်းသို့ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဦးဘိုဘိုအောင်၊မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သင်တန်းနည်းပြများ၊ မြစ်သား စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံ ဒေါ်ဆွေဆွေမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်ငြိမ်းနှင့် ဝန်ထမ်းများနှင့် သီးနှံစိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြစ်သား (ပြန်/ဆက်)