လယ်ဝေး မတ် ၁၂
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ စမတောင်မဟာပရဟိတဂေဟာတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီမှဦးဆောင်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူငယ်ရေးရာဦးစီးဌာန တို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းအခမ်းအနားကျင်းပရာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးနေဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအေးမင်းညွန့်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့်ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးနေဝင်းက လူငယ်များသည်တိုင်းပြည်၏ အနာဂတ်အတွက် တန်ဖိုးရှိသည့်၊ ဘက်စုံထူးချွန်ပြီးဗလငါးတန်နှင့် ပြည့်စုံသည့်လူကောင်းလူတော်များ ဖြစ်လာစေရေး အတွက်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းစသည်ဖြင့် အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်ရေးရာဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်နေမှုများ မှတ်တမ်းဗီဒီယိုအား ပြသသည်။
ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင် အောင်မျိုးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ပြီး Grade.8 မှမမေဝတီစိုးက လူငယ်နှင့်အားကစား၊ Grade.11 မှ မသန်းထိုက်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade.11 မှမောင်ရန်စိုးက လူငယ်နှင့် ပညာရေးခေါင်းစဥ်များဖြင့်ဆွေးနွေးပြောကြားသည်။ ထို့နောက်ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူလေးများအား ဥာဏ်စမ်းပဟေဠိများမေးမြန်း၍ အဖြေမှန်သူ များအား ဆုလက်ဆောင်များပေးအပ်သည်။
ထို့နောက်လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ်ဦးနေဝင်းက စမတောင်ပရဟိတဂေဟာသို့ အလှူငွေများ ပေးအပ်လှူဒါန်းကာ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဆွေးနွေးခဲ့ကြသည့် ကျောင်း သား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။
ဝေကြည်(ပြန်/ဆက်)