ရန်ကင်း မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား/သူ လူငယ်မောင်မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ လိမ္မာယဉ်ကျေးစေရန်နှင့် ထူးချွန်ထက်မြက်စေရန်ရည်ရွယ်၍ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနှင့် ပန်းချီအခြေခံသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်ရခြင်းမှာ ကျောင်းသား/သူများ လူတော်လူကောင်းများ ဖြစ်လာစေရန်၊ ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းတတ်စေရန်၊ အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးကိုသိတတ်စေရန်၊ မိဘ၊ ဆရာသမားများအပေါ် ကျေးဇူးသိတတ်စေရန်၊ ပေါင်းသင်းဆက်ဆံတတ်စေရန်၊ သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်စေရန်နှင့် ဉာဏ်ရည်ထက်မြက်သော အတွေးအခေါ်ကောင်းသော ပန်းချီအနုပညာသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ၁-၃-၂၀၂၃ ရက်နေ့မှ ၃၁-၃-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား(၅၆)ဦး၊ ကျောင်းသူ(၃၃)ဦး၊ ပေါင်း(၈၉)ဦးတက်ရောက်ခဲ့ပြီး အခြေခံပန်းချီသင်တန်းသင်တန်းကို ၆-၃-၂၀၂၃ ရက်နေ့ မှ ၇-၃-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား(၄၄)ဦး၊ ကျောင်းသူ(၃၈)ဦး၊ ပေါင်း(၈၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင် (ပြန်/ဆက်)