ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲပြုလုပ်

ပုဗ္ဗသီရိ  မတ် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနပြည်သူ့ စာကြည့်တိုက်၌ အခြေခံ ပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်သန္တာလင်းက  ပင်ကိုယ်ဝါသနာကို အထောက်အပံ့ရရှိစေရန်၊ စိတ်ကူး စိတ်သန်းများ ကောင်းမွန်စေရန်၊ စိတ်ဖိစီးမှု ကိုလျော့ကျ စေရန်၊ ကိုယ်တိုင်ဖန်တီးနိုင်မှု စွမ်းအားများ တိုးတက်လာ စေရန်၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း တတ်စေရန်နှင့် မြန်မာ့ပန်းချီကို မြတ်နိုးတန်းဖိုး ထားတတ် စေရန် ရည်ရွယ်၍ ပန်းချီသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ အချိန်ကာလ တိုတောင်းသော်လည်း ယခင်က ပန်းချီနှင့် ပတ်သက်၍ မသိရှိသေးသူများမှာ ယခုသိ ရှိလာပြီဖြစ်ပါကြောင်း၊ သိရှိပြီးသူများမှာ ယခင်ထက် ပိုမို သိရှိပြီဖြစ်ပါကြောင်း၊ အတတ်ပညာဆိုသည်မှာ ပပျောက်သွားရိုးမရှိပါကြောင်း၊ ဒီထက်မက ပိုမိုလေ့လာကြပါရန် ပြောကြားခဲ့ပြီး သင်တန်းဆရာမ ဒေါ်နန်းဝင်းဝင်းစိန်မှ ပန်းချီ အနုပညာသည် သိမ်မွေ့နက်နဲပါကြောင်း၊ ယခုသင်တန်းပြီး သွားသော်လည်း ဆက်လက်လေ့လာ ပေးဖို့လိုပါကြောင်း၊ သင်တန်းကာလအတွင်း အတတ်နိုင်ဆုံးသင်ကြားပေးခဲ့ပါ ကြောင်း၊ သင်တန်းပြီး ဆုံးအောင် တက်ရောက်သည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းတွင် ပန်းချီအနုပညာသင်ကြားရခြင်း ရည်ရွယ်ချက်၊ မျဉ်းကြောင်းများ အကြောင်း၊ မျဉ်းကြောင်း များအဓိပ္ပါယ်၊ အရာဝတ္ထုမူပုံရေးဆွဲခြင်း၊ အရောင်များ အကြောင်း၊ လက်ချောင်းပန်းချီရေးဆွဲခြင်း စသည့် အကြောင်းအရာများကို  စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ခဲ့ပြီး သင်တန်းကာလ မတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ သင်ကြား ပေးခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပြန်/ဆက်)