အလုံ မတ် ၁၂
ပူပြင်း ခြောက်သွေ့သောရာသီရောက်ရှိပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုစဥ်ကာလအတွင်း မီးလောင်၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းကို ရန်ကုန် တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် ယမန်နေ့ ည ၇နာရီက ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်အလုံမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးပြည့်စုံ၏ ဦးဆောင်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးထက်မျိုးလှိုင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ လမ်းမကြီးများ၊ လမ်းသွယ်များအတွင်း မီးသတ်မော်တော်ယာဥ်ဖြင့် လှည့်လည်ကာ မီးဘေးအန္တရာယ်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်များကို နှိုးဆော်ခဲ့သည်။
အဆိုပါ မီးသတိပေးနှိုးဆော်စာတွင် ရပ်ကွက်အတွင်းနေထိုင်ကြစသာ မိဘပြည်သူများအနေဖြင့် လူစောင့်မရှိဘဲမည်သည့်မီးကိုမျှ အသုံးမပြုရန်၊ ချက်ပြုတ်သုံးစွဲပြီးပါက မီးကြွင်းမီးကျန်များ မထားရန်လူစောင့်မရှိပါက မိန်းခလုတ်များကို သေချာစွာချထားခဲ့ရန်၊ ညအိပ်ယာဝင်ချိန်တွင် ခြင်ဆေးခွေ၊ ဖယောင်းတိုင်၊ အမွှေးတိုင်များကို သေချာစွာငြိမ်းသတ်ပြီးမှ အိပ်စက်ရန်၊ မိမိတို့နေအိမ်နှင့် ဌာနဆိုင်ရာ အဆောက် အဦတိုင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်း ဖြစ်သော ခိုင်ခန့်သည့်မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများကို ယူရလွယ်ကူသောနေရာများတွင် ထားရှိရန်၊ မီးလောင်မှုဖြစ်ပွား ပေါ်ပေါက်လာပါက ကြိတ်၍ မငြှိမ်းသတ်ဘဲ ပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းခံခြင်းနှင့် မီးသတ်အရေးပေါ်ဖုန်းနံပါတ်များကို ဆက်သွယ်အသိပေးကြရန် စသည်ဖြင့် သတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)