ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင် စိုက်ပျိုးထားသော သင်္ဘောစိုက်ခြင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် မတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ရွှေနီ(၁၆၈) သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ကျီးအိပ်ကျေးရွာမှ တောင်သူများအနေဖြင့် ဆည်ရေလုံလောက်စွာ မရရှိသဖြင့် မြေအောက်ရေနှင့် မြစ်ရေများကိုသာ အဓိထားပြီး တောင်သူလုပ်ငန်းများ လုပ်ကိုင်ရသဖြင့် ငရုပ်၊ ကြက်သွန်၊ ငှက်ပျော၊ ဖူးစားပြောင်း၊ နေကြာ၊ သင်္ဘောနှင့် ကာလတိုသီးနှံများ စိုက်ပျိုးကြကြောင်း သိရှိကာ သင်္ဘောစိုက်ခြင်းများကို စမုံမြစ်မှ မြစ်ရေများ အသုံးပြုပြီး စိုက်ပျိုးကြကြောင်းနှင့် သင်္ဘောစိုက်ပျိုးရာတွင် အပင်သေပျောက်မှု မရှိစေရန်အတွက် ပျိုးထောင်ပြီး သန်မာသည့် ပျိုးပင်များ ရွေးချယ်ကာ နေရောင်ခြည် ကောင်းစွာရှိစေရန်နှင့် လေအဝင် အထွက် ကောင်းမွန်စေရန်အတွက် မြေဘောင်များ ပြုလုပ်၍ တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့် တစ်တန်း (၁၆)ပေအကွာ အဝေးခန့် စိုက်ပျိုးပါက သီးလုံးပို၍ လှပကြောင်းနှင့် လိုအပ်သည့် အချိန်များတွင် ပိုးနှင်ဆေးနှင့် ပိုးသတ်ဆေးများ ဖျန်းပေးရကြောင်းနှင့် ရာသီဥတုအခြေအနေအပေါ်တွင် မူတည်၍ ရေသွင်းပေးခြင်း၊ မြေဩဇာကျွေးပေးခြင်းများလည်း ပြုလုပ်ပေးရကြောင်း တောင်သူဦးဆန်းဝင်းက ပြောပြ၍ သိရှိရသည်။

သင်္ဘောပင်သည် စိုက်ပျိုးပြီး အပင်သက်တမ်း(၆)လခန့်တွင် ရောင်းတန်းဝင် သင်္ဘာသီးများ စတင် ခူးဆွတ်ရောင်းချရကြောင်း၊ အပင်အပြုအစုကောင်းပါက ခူးဆွတ်ရောင်းချချိန်(၈)လခန့် ကြာအောင် ခူးဆွတ်ရကြောင်းနှင့် ရောင်းချသည့်အခါ ပွဲစားများမှ စိုက်ခင်းများအထိ လာရောက်ပြီး အသီး(၃၅လုံး-၄၀လုံး) ခန့်ဝင်သော သံသေတ္တာများနှင့်ထည့်ကာ  သေတ္တာအရေအတွက်အတိုင်း ကာလပေါက်ဈေးနှင့် ရောင်းချရကြောင်း ဈေးကောင်းချိန်တွင် သံသေတ္တာတစ်လုံးအား ငွေကျပ်(၁၇၀၀၀)အထိ ရောင်းချရကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)