ဇမ္ဗူသီရိ မတ် ၁၂
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့် ရှင်းလင်းပွဲကို ယမန်နေ့နံနက်(၉)နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက အမျိုးသမီးရေးရာအဖွဲ့အဆင့်ဆင့်အနေနဲ့ အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင်ရန်၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝလုံခြုံမှုကို ကာကွယ်စောင့်ရှောက်စေရန်၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုများကို တန်ဖိုးထားရန်၊ အကြမ်းဖက်မှုနှင့် လူကုန်ကူးမှုလျော့နည်းပပျောက်ရေးဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ကဆောင်ရွက်လျက်ရှိသည့် ကျား/မတန်းတူညီမျှရေးနှင့် အမျိုးသမီးများကာကွယ်စောင့်ရှောက်ခြင်းနှင့် စွမ်းပကားမြှင့်တင်ခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာအဆင့်အကောင်အထည်ဖော် ဆောင်ရွက်မှုအနေနဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂက ချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များစတဲ့ နိုင်ငံတကာလုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်ရဲ့မူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်နေကြတာကိုလည်း တွေ့ရှိရပါကြောင်း၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့အနေနဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၁၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးမှာ “ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ကျေးရွာသစ်အတွက် လွှမ်းခြုံမှုအကောင်းဆုံးဆု” ကို ချီးမြှင့်ခံရမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်မိုးသူတင့်၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်နန်းတင်စန်းရှိန်၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ဥမ္မာဆွေနှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ ဘဏ္ဍာရေးမှူးဒေါ်နွယ်နီဝင်းတို့က ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များအား ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိုးသူတင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်နန်းတင်စန်းရှိန်က မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နှစ်ပတ်လည်အစည်းအဝေးမှ ချမှတ်လိုက်သော ရှေ့လုပ်ငန်းစဉ်များအား ဖတ်ကြားတင်ပြခဲ့သည်။
ယင်းနောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများက မိမိတို့မြို့နယ်များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိုးသူတင့်က ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများအား အသေးစားချေးငွေများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)၏ (၃၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကိုကျင်းပရာ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်မိုးသူတင့်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီရိနွယ်က သားဖွားခန်းလုပ်ဆောင်ချက် အကောင်းဆုံးဆုရရှိသော ပျဉ်းမနားမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့အား ဆုများနှင့် သားဖွားခန်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်း၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်မိုးသူတင့်က မူကြိုကျောင်းအကောင်းဆုံးဆုရရှိသော ပုဗ္ဗသီရိမြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ပျဉ်းမနားခရိုင်နှင့် ဇေယျာသီရိခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့အား ဂုဏ်ပြုဆုများ၊ မူကြိုကျောင်းလက်ဆွဲစာအုပ်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများအား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဒေါက်တာခင်စန္ဒာဇော်က မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ နှစ်ပတ်လည်အစည်းအဝေးတွင် ချမှတ်လိုက်သော အစည်းအဝေးဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များအား ဖတ်ကြားတင်ပြခဲ့ပြီး ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မိမိတို့မြို့နယ်၏ လုပ်ငန်းဆောင်ရွက်ချက်များအား အသီးသီးရှင်းလင်း တင်ပြခဲ့ကြပြီး နေပြည်တော်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်မိုးသူတင့်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)