ကျောင်းသားလူငယ်များ အနုပညာအရည်အသွေးများ မြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီသင်တန်းဖွင့်လှစ်

ထားဝယ် မတ် ၁၂

ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များပူးပေါင်း၍ ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် မိမိနှစ်သက်သည့် ပန်းချီပုံရေးဆွဲခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများမြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီသင်တန်းကို ယနေ့မွန်းလွဲပိုင်းတွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်တင့်က ကျောင်းနေအရွယ်ကလေးငယ်များ ငယ်ရွယ်စဉ်မှစတင်ပြီး အခြေခံပန်းချီပညာကို တတ်မြောက်ထားရှိပြီး ပြိုင်ပွဲများတွင် ထူးချွန်စွာပါဝင်ယှဉ်ပြိုင်နိုင်ရန်၊ ကျောင်းပညာရေးအတွက် အထောက်အကူပြုစေရန်အတွက်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ပထမအရွယ်တွင် ပညာရှာ၊  ဒုတိယအရွယ်တွင် စီးပွားရှာ၊ တတိယအရွယ်တွင် တရားရှာဆိုသည့် လောကနီတိတရားနှင့်အညီ ပထမအရွယ်တွင် အသိပညာ၊ အတတ်ပညာများကို ဆည်းပူးလေ့လာရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပန်းချီပညာရှင်ဦးလှရွှေနှင့် ဦးစိုးနိုင်တို့က ကျောင်းသား/သူ(၂၀)ဦးအား အခြေခံပန်းချီများတွင်ပါရှိရမည့် မျဉ်းရေးဆွဲရမည့်နည်းများအကြောင်း၊ ပုံစံနှင့်ထုထည်များအကြောင်း၊ အလင်းအမှောင်နှင့်အရောင်မျိုးစုံခွဲခြား ရေးဆွဲရမည့်နည်းများအကြောင်းကို စနေ့၊ တနင်္ဂနွေရက်များတွင် မွန်းလွဲ ၁ နာရီ မှ ၃ နာရီအထိ(မတ်လ ၃၁ ရက်နေ့အထိ)လေ့ကျင့် သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)