ချမ်းမြသာစည် မတ် ၁၁
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူလူထု၏ ကျန်းမာရေး ကောင်းမွန်စေရန်နှင့် သာယာလှပသောပတ်၀န်းကျင်များ ဖြစ်ပေါ်လာစေရန်အတွက် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း ၀၇:၀၀ နာရီက ချမ်းမြသာစည် မြို့နယ်၊ အမှတ် (၃၁) အခြေခံပညာအထက်တန်းကျောင်းနှင့် လမ်းဘေးဝဲယာများ၌ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်း အင်အား ၂၀၀ ကျော်တို့ ပူးပေါင်း၍ ကျောင်း၀န်းအတွင်း/အပြင်နှင့် လမ်းဘေးဝဲယာရှိအမှိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ သစ်ပင်သစ်ကိုင်းများရှင်းလင်းခြင်းနှင့်၊ ရေမြောင်းများအတွင်း အမှိုက်များဆယ်ယူခြင်း စသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တာ၀န်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း (ပြန်/ဆက်)