ဘားအံမြို့တွင် စားသုံးဆီဖူလုံပိုလျှံစေရေးနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်စီးပွားရေးရာဝန်ကြီးတက်ရောက်

ဘားအံ  မတ် ၁၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံစေရေးနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့ စက်မှုဇုန်ရှိ စမ်းပွင့် ဆီစက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်က မိမိတို့ဒေသအတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ဖြစ်သော မြေပဲ၊ နှမ်း၊ ပဲပုတ်နှင့် နေကြာများကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ထွက်ရှိလာသော ကုန်ကြမ်းကို ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေးလိုအပ်သည့် ဆီစက်များ ထပ်မံတည်ဆောက်စေ လိုကြောင်း၊ စျေးနှုန်း စျေးကွက်တည်ငြိမ်ရေးနှင့် ကုန်စည်ဒိုင်များဖွင့်လှစ်နိုင်ရေး၊ မျှတသည့် ‌ဈေးနှုန်းနှင့် ဖြန့်ဖြူးမည့်ဈေးကွက် ဖြစ်ပေါ်လာ‌ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးဆီပိုမို ထုတ်လုပ်ခြင်းအားဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ဒေသတွင်းအလုပ် အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်လာကာ ပြည်နယ်အတွင်း စားသုံးဆီဖူလုံရုံသာမက ပိုလျှံ ထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် လိုအပ်သည်များကို တင်ပြ ဆွေးနွေးကြစေလိုကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး  ဦးသန်းဦးက ကရင်ပြည်နယ် အတွင်း စားသုံးဆီလိုအပ်ချက်နှင့် ဆီပိုလျှံအောင် ဆောင်ရွက်မည့်အခြေအနေများ၊ ဈေးနှုန်း ဈေးကွက် အခြေအနေများကိုလည်းကောင်း၊ ပဲမျိုးစုံဆီထွက်သီးနှံများအား ပြည်ပသို့တင်ပို့ရာတွင် ပို့ကုန်လျှောက်ထားရန်လိုအပ်မှု၊ ကရင်ပြည်နယ်အတွင်း ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ ဖွဲ့စည်းထားမှုနှင့် အသင်းတိုးတက်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် စားသုံးဆီဖူလုံပိုလျှံစေရေးနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်း ရှင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ စိုက်ပျိုးတောင်သူများက မြေပြင်ဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်သည့် အခြေအနေများကို တင်ပြကြရာ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်းသိရှိရသည်။

ခရိုင်ပြန်/ဆက်