မချမ်းဘော့ မတ် ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် လူငယ်များဗလငါးတန် ပြည့်စုံလာစေရေးနှင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် ယနေ့နံနက် ၁၀ နာရီက အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းဖွင့်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က သင်တန်း၏ရည်ရွယ်ချက်ကို ပြောကြားရာတွင် "သားတို့သမီးတို့အတွက် ယခုလို အခမဲ့သင်တန်းတွေ ဖွင့်လှစ်ပေးခြင်းဟာ လူငယ်တွေကို ဗလငါးတန်နဲ့ပြည့်စုံပြီး အဖိုးတန်သော လူငယ်တွေဖြစ်စေချင်တဲ့အပြင် အနာဂတ်ကို ဦးဆောင်နိုင်မယ့် သားတို့သမီးတို့ကို လေးစားတန်ဖိုးထားလို့ တနည်းအားဖြင့် အနာဂတ်ကို တန်ဖိုးထားလေးစားလို့ ဖွင့်လှစ်ပေးခြင်းဖြစ် ကြောင်း" ထည့်သွင်းပြောကြားခဲ့သည်။
သင်တန်းတွင် စနစ်သစ်သင်ကြားရေးကို အထောက်အကူပြုစေမည့် (Grammar) အခြေခံများ၊ အပြောစွမ်းရည်မြင့်မားရေးအတွက် လက်တွေ့ (Speaking) လေ့ကျင့်ခြင်းများနှင့် နားထောင်မှုစွမ်းရည် မြင့်မားရေးအတွက် အင်္ဂလိပ်သီချင်း သင်ကြားခြင်းများကိုနေ့စဥ် နံနက် ၁၀ နာရီမှ ၁၁နာရီခွဲအထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းရက်များတွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်လာစေရန်၊ ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ဝိုင်းများ၊ ပုံပြင်ပြောပြိုင်ပွဲများ၊ အုပ်စုလိုက်ဂိမ်းကစားပြိုင်ပွဲများကိုပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ မချမ်းဘော့မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၂၀ ဦးတို့ တက်ရောက်ကြပြီး မတ်လ ၁၁ ရက်နေ့မှ မတ်လ ၃၁နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)