ကျိုင်းတုံ မတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းတိုင်းရင်းသားများ၏ ထုံးတမ်းအစဉ်အလာအရ တစ်နှစ်လျှင် တစ်ရက်သာ ကျင်းပသည့် ဈေးဟောင်းနေ့(ခေါ်) စော်ဘွားဈေးနေ့ကို မတ် ၁၁ ရက်က ယခင်ဈေးဟောင်းနေရာဖြစ်သည့် ပါလျန်မြို့ရိုးတံခါးအနီး၊ စော်ဘွားကြီးအုတ်ဂူရှေ့၊ လွိုင်မွေလမ်းတွင် ကျင်းပသည်။
စော်ဘွားဈေးနေ့(ခေါ်)ဈေးဟောင်းနေ့တွင် ဒေသထွက်သီးနှံများ၊ အစားအစာများ၊ တိုင်းရင်းသားရိုးရာ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများကို ရပ်နီးရပ်ဝေးမှ လာရောက်ဈေးရောင်းချသူများ၊ ဈေးဝယ်သူများ၊ အမှတ်တရဓာတ်ပုံရိုက်သူများဖြင့် စည်ကားလျှက်ရှိပြီး စော်ဘွားဈေးသို့ လာရောက်သူများနှင့် စော်ဘွားအမျိုးအနွယ်များက စော်ဘွားအဆက်ဆက် အရိုးအိုးများမြှုပ်နှံရာ စော်ဘွားသင်္ဂျိုင်းဟောင်းရှိ အုတ်ဂူရှစ်ခုတွင် သစ်သီး၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများ ပူဇော်ပသကြကြောင်းသိရသည်။
ကျိုင်းတုံမြို့တွင် ရှေးဓလေ့ထုံးတမ်းအစဉ်အလာမပျက် တစ်နှစ်လျှင် တစ်ရက်သာ ရောင်းချလေ့ရှိသည့် ဈေးဟောင်းနေ့(ခေါ်)စော်ဘွားဈေးသို့ လာရောက်သူများအားလုံးသည် ကောင်းသောမင်္ဂလာနှင့် ပြည့်စုံပြီး ၎င်းဈေးတွင် ရောင်းချသောပစ္စည်းဝယ်ယူပါက ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကောင်းမွန်သည်ဟုယူဆကာ မြို့သူ၊ မြို့သားများ၊ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာသူ၊ ကျေးရွာသားများ၊ ဧည့်သည်များနှင့် ကလေးငယ်များမှ စ၍ သက်ကြီးရွယ်အိုများအထိ ဈေးဟောင်းနေ့(ခေါ်)စော်ဘွားဈေးသို့ လာရောက်လည်ပတ်ကာ ဝယ်ယူကြသည့်အတွက် စည်ကားလျက်ရှိကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)