ကျောက်ဆည် မတ် ၁၁
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီ ခွဲက မြင်းခြံကျော်အောင်(ခ)သန်းထက်စံရေးသားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ခြင်းကြောင့် အမှတ်တကယ်အကျိုးရှိမှာကတော့ စာတစ်ပိုဒ်ဖတ်ပြီးရင် အဲဒီထဲက မှတ်သားစရာတွေကို ထပ်ပြီးဖတ်ကာ မိမိတို့ရဲ့ ဦးနှောက်အတွင်းသို့ ရောက်အောင်ထည့်ပါ။ နှလုံးသားထဲမှာ သိမ်းထားပါ။ နောက်ပြီးလက်တွေ့လုပ်ပါ။ အဲ့ဒီနည်းကို ပညာရှင်တစ်ယောက်က စာကို ၁၅ မီနစ်ဖတ်ပါ ၄၅ မိနစ် စဉ်းစားပါလို့ တိုတိုနဲ့လိုရင်းပြောထားကြောင်းနှင့် လက်တွေ့လက်နာ ဆောင်ရွက်ပါက အလွန်ကြီးမားသော အကျိုးတရားများ ခံစားရမှ မုချမသွေရရှိမှာဖြစ်ကြောင်းနှင့် ပညာမရှိသောသူ၊ ပျင်းရိသောသူ၊ ဝီရိယမရှိသောသူ၊ အကြားအမြင်နည်းသူ၊ အကျင့်မကောင်းသူများ အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ခိုင်ကျော်(ကျောက်ဆည်)က ကြီးပွားအောင်မြင် အောင်ပန်းကိုဆင် စာအုပ်ပါ အတွေးလှမယ်၊အလိုလှမည်ဆိုရင် အလုပ်ကလည်း လှပလာမှာဖြစ်ကြောင်း၊ အလုပ်လုပ်ရာတွင် တက်ကြွသည့်စိတ်နှင့်လုပ်ပြီး ရိုးရိုးသားသား ကြိုးစားလုပ်ရန်လိုကြောင်း ဆက်ဆံသူများ အကျိုးရှိအောင် စေတနာနှင့်လုပ်မယ်၊ ကိုယ့်ကျိုးထက် အများအကျိုးကို အဓိကထားလုပ်မယ်၊ လှေခွက်ချည့်ကျန် အလံမလှဲစတမ်းလုပ်မယ် စတဲ့ လှပတဲ့အလုပ်တွေ လုပ်မယ်ဆိုပါက မိမိအလုပ်များလည်း တိုးတက်လာပြီး အောင်မြင်လာမှာ ဖြစ်ကြောင်း အများမှလည်း ဝိုင်းဝန်းကူညီပံ့ပိုးမူများ ရရှိမှာဖြစ်ပြီး အတိုးတက်ဆုံးလူတစ်ဦးအဖြစ် ရောက်ရှိလာမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
သက်မောင်(ခရိုင်၊ပြန်/ဆက်)