ကျောင်းသားလူငယ်များအနေဖြင့် ကွန်ပျူတာအား အခြေခံမှစတင်၍ ကျွမ်းကျင်တတ်မြောက်စေရန်အတွက် ရည်ရွယ်၍ ထားဝယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကွန်ပျူတာအခြေခံသင်တန်းဖွင့်လှစ်

ထားဝယ် မတ် ၁၁

ကျောင်းသားလူငယ်များအနေဖြင့် ကွန်ပျူတာအား အခြေခံမှစတင်၍ ကျွမ်းကျင်တတ်မြောက်စေရန်အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက ကွန်ပျူတာအခြေခံသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်တင့်က နွေရာသီကျောင်းပိတ် အားလပ်ရက်ကာလအတွင်း ကျောင်းသား/ ကျောင်းသူလူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မျိုးဆက်သစ် လူရည်ချွန်များထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်းမှတ်ဉာဏ်အားကောင်းလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကွန်ပျူတာပညာရပ်သည် ကမ္ဘာပေါ်တွင် အလေးပေးသင်ကြားနေရသော ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ကွန်ပျူတာတတ်မြောက် ကျွမ်းကျင်မှုသည် ယနေ့အချိန်အခါတွင် မရှိမဖြစ် လိုအပ်နေပြီးဖြစ်ကြောင်း၊ ကျောင်းသား/ သူများအနေဖြင့် ကွန်ပျူတာ တတ်မြောက်ထား ရန်လိုအပ်ကြောင်း၊ ယနေ့ခေတ် အလုပ်ခေါ်ဆိုမှုများတွင် ကွန်ပျူတာအခြေခံအားကျွမ်းကျင်စွာ တတ်မြောက်ထားသူနှင့် မတတ်သူ၏ အခွင့်အလမ်းသည် များစွာကွာခြားလှကြောင်း၊ မြန်မာနိုင်ငံသည် E-Government စနစ်သို့ပြောင်းလဲနေသည့် အချိန်တွင် လူတိုင်းအတွက် အခြေခံကွန်ပျူတာအရည်အချင်းများကို တတ်ထားရန်မှာ အရေးပါသောအခန်းကဏ္ဍတွင် ပါ၀င်နေကြောင်း ပြောကြားသည်။

သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်တင့်က Computer Typing Mouse Skill English & Myanmar Typing လက်ကွက်ကျွမ်းကျင်မှု SkillAbout Computer SystemMicrosoft Word စသည့်ဘာသာရပ်များကို စနေ့၊ တနင်္ဂနွေနေ့ (မတ်လ ၃၁ ရက်နေ့အထိ) ကျောင်းသားလူငယ်(၂၀)ဦးအားစာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော် (ပြန်/ ဆက်)