လယ်ဝေး မတ် ၁၁
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်သည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့်တိုင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက လယ်ဝေးမြို့နယ်၊ အေလာ၊ ရွာသစ်ကျေးရွာအနီးရှိ ရုံးပင်ချောင်း ယာယီရေထိန်းဆည် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော် ညွှန်ကြားရေးမှူး ဦးခင်ဇော်က ရုံးပင်ချောင်း ယာယီရေထိန်းဆည် (အေလာ) တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် တည်ဆောက်ပြီးစီးပါက ဒေသခံတောင်သူများအား အကျိုးပြုနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က တက်ရောက်လာသည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ယာယီရေထိန်းဆည်တည်ဆောက်ပြီးစီးပါက တောင်သူများ၏ လူမှုစီးပွားဘဝများ ယခင်က ထက်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ရေရှည်အကျိုးဖြစ်ထွန်းစေရန် စနစ်တကျ သုံးစွဲဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။
လယ်ဝေးမြို့နယ်၊ ရုံးပင်ချောင်း ယာယီရေထိန်းဆည် (အေလာ) သည် ရွာသစ်ကျေးရွာအနီး တည်ရှိပြီးအမြင့် ၆ ပေ၊ အကျယ် ၈၀ ပေ ဖြစ်ကာ PPE Sheet၊ Geotextile Sheet အမျိုး အစားဖြစ်သည်။ ရေသိုလှောင်ပမာဏမှာ ၆၀ ဧကပေရှိပြီး နွေသီးနှံ ဧက ၂၀၀ အကျိုးပြုနိုင် သည့် ယာယီရေထိန်းဆည်ဖြစ်ကာ လျှပ်စစ်ဖြင့် ရေတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် တာဝန်ရှိသူများနှင်အတူ ဝက္ကမူယာယီချောင်း ပိတ်ဆည်တွင် တောင်သူများ ရေစုပ်စက်ဖြင့်ရေတင်၍ ဟင်းသီးဟင်းရွက် စိုက်ပျိုးနေမှုများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက် )