ပုဇွန်တောင် မတ် ၁၁ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ရပ်ကွက်နေပြည်သူများအား စားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာ ဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စားသုံးနိုင်စေရန် ရည်ရွယ်၍ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အခြေခံစားသောက်ကုန်များအား ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဈေးနှုန်းသက်သာစွာဖြင့် လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထိုသို့ လာရောက်ရောင်းချပေးရာတွင် ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝင်းလှိုင် ဦးဆောင်၍ စားသုံးဆီ (၁) ပိဿာ (ဆီဘူးအပါ) ၅၆ဝဝိ/- ၊ ကြက်ဥ(၁)လုံး ၂၂ဝိ/-၊ အာလူး ၉၀ ကျပ်သား (၁) ထုပ် ၂၀၀ဝိ/-၊ ကြက်သွန်နီ ၁ ပိဿာ (၁)ထုပ် ၁၇၀ဝိ/-နှင့် ကြက်သွန်ဖြူ ၄၅ ကျပ်သား (၁)ထုပ် ၂၀၀ဝိ/-နှုန်းများဖြင့် နံနက် ၉ နာရီမှ ၁၁ နာရီထိ လာရောက်ရောင်းချပေးရာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ လာရောက်ဝယ်ယူခဲ့ကြကြောင်းသိရသည်။ အဆိုပါဈေးရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ ဈေးရောင်းချပေးမှုအပေါ် လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ ဟန်စုယဉ် ရန်ကုန်တိုင်းဒေသကြီး အမြို့မြို့အနယ်နယ်သတင်းများ