ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရင်ခွင်မဲ့ကလေးများ ရန်ပုံငွေပေးအပ်ချီးမြှင့်ပွဲ တက်ရောက်ချီးမြှင့်

ရန်ကုန် မတ် ၁၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်‌‌နေ့ညနေပိုင်းတွင်  ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ပြုလုပ်သည့် (၇၈) နှစ်မြာက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရင်ခွင်မဲ့ကလေးများ ရန်ပုံငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။ ရှေးဦးစွာ မြန်မာပြည်သိန်းတန်နှင့် ရင်ခွင်မဲ့ကလေးများ စုပေါင်းသီဆိုထားသည့် ကြယ်စင်လေးများ သီချင်းအား Video Clip ဖွင့်၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်ဝန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ရင်ခွင်မဲ့ဖြစ်နေကြသည့် ရင်သွေးရတနာလေးများနှင့် ဘဝအခြေအနေချို့တဲ့နေကြသည့် ကလေးများစွာရှိပါကြောင်း၊ ထိုကဲ့သို့ ရင်ခွင်မဲ့နေကြသည့် ကလေးများကို စနစ်တကျပြုစုပျိုးထောင်ပြီး တန်ဖိုးရှိသော လူချွန်လူကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် မေတ္တာဖြင့် ထုံမွှမ်း၍ ဝိုင်းဝန်းကူညီစောင့်ရှောက်ရမည်ဖြစ်ပါကြောင်း။
လူချွန်လူကောင်းများ ဖြစ်လာစေမည်ရင်ခွင်မဲ့နေကြသည့် ကလေးများအား စာနာနားလည်မှုနှင့် ပံ့ပိုးကူညီမှုတို့ဖြင့် နွေးထွေး၊ အေးချမ်းပျော်ရွှင်သည့် မေတ္တာရင်ခွင်တစ်ခုဖန်တီးပေးပြီး ၎င်းတို့၏ပညာသင်ကြားရေး၊စားဝတ်နေရေး စသည့်လိုအပ်ချက်များကို ဝိုင်းဝန်းကူညီစောင့်ရှောက်၍ စနစ်တကျ ပြုစုပျိုးထောင်ပေးမည်ဆိုလျှင်နိုင်ငံအတွက် အားကိုးအားထားပြုရသည့် လူချွန်လူကောင်းများ ဖြစ်လာစေမည် ဖြစ်ပါကြောင်း၊ထို့ကြောင့်နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာနှင့် ပရဟိတအသင်းအဖွဲ့များကို ပံ့ပိုးပေးပြီး ရင်ခွင်မဲ့ကလေးများအတွက်ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးလျက်ရှိပါကြောင်း။ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရင်ခွင်မဲ့ကလေးသူငယ်များ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး‌ရေးကို တတ်စွမ်းသမျှဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိဘရင်ခွင်မဲ့နေကြသည့် ရင်သွေးရတနာလေးများနှင့် ဘဝအခြေအနေ ချို့တဲ့နေကြသည့် ကလေးသူငယ်များအား ထောက်ပံ့ ကူညီနိုင်ရေးအတွက် “ကြယ်ကလေးများ၏ အနာဂတ်” တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် ညတွင်နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို

ဌာန-၂ ၌ ကျင်းပခဲ့ရာ နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်နှင့်အတူ အသက်လေးနှစ်မှ အသက် ၂၀ အရွယ်အထိ ရင်ခွင်မဲ့ကလေးများက တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေခဲ့ကြပါကြောင်း၊ ရင်ခွင့်မဲ့ကလေးငယ်များအား ပညာသင်ကြားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် လူမှုဘဝတစ်လျှောက် ယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်းနိုင်ရန်အတွက် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာပြည်သိန်းတန်က ရင်ခွင်မဲ့ကလေးများအတွက် ရန်ပုံငွေရရှိရေး ဆောင်ရွက်ခဲ့မှုကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)မှ အလုပ်အမှုဆောင် ဦးဌေးလွင်တို့က ရင်ခွင်မဲ့ကလေးများအတွက် ရန်ပုံငွေများကိုပေးအပ်လှူဒါန်းရာ နန်းဦးပရဟိတကျောင်း၊ မင်္ဂလာလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ကမာဆွဲ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ကလေးဝတောရ ဘုန်းတော်ကြီးသင်ပညာသင်ကျောင်း၊ မေတ္တာဝါဒီလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ပညာ့သိပ္ပံလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ လပြည်ဝန်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ အောင်ဇေယျာမင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာနှင့် ရတနာ့ဗိမာန်ပရဟိတကျောင်းတို့မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့်မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှ အမှုဆောင် ဦးဌေးလွင်တို့က မုဒိတာစကားများပြောကြားပြီး ပရဟိတကျောင်းများကိုယ်စား ခိုင်နှင်းဝေရင်သွေး လေးများဂေဟာမှ ဒေါ်ခိုင်နှင်းဝေက ကျေးဇူးတင်စကား
ပြောကြားခဲ့‌ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ ဆက်)