ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့မှ စာပေပညာရှင်များနှင့်တွေ့ဆုံ

ရန်ကုန် မတ် ၁၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့မှ စာပေပညာရှင်များနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့တွေ့ဆုံပွဲသည် အမျိုးသား တစ်သက်တာစာပေဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ဆုရွေးချယ်ချီးမြှင့်ပွဲများကို နိုင်ငံတော်အစိုးရ အဆက်ဆက်က တန်ဖိုးထားကာ အလေးအနက် ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ဆုပေးပွဲအခမ်းအနားကို နှစ်ကြိမ်တိုင် နိုင်ငံတော်အဆင့် ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်‌ရောက်ချီးမြှင့်ခဲ့ပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် တစ်သက်တာစာပေဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးနှင့်ပတ်သက်ပြီး တာဝန်ကျေ မဟုတ်ဘဲ စိတ်ရင်းစေတနာ အမှန်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ စာပေပညာရှင်ကြီးများ အနေဖြင့်လည်း အမျိုးသားတစ်သက်တာ စာပေဆုအတွက် အသက်အရွယ်အရ၊ စာပေပညာအရပေးသင့် ပေးထိုက်သူ၊ ရသင့်ရထိုက်သူများ မကျန်ရှိစေရန်စိစစ်ရွေးချယ်ပေးနိုင်ရန် အကြံပြုပါကြောင်း၊စာပေလောကကြီး တိုးတက်ဖွံ့ဖြိုးမှုရှိစေရေးအတွက် စာပေပညာရှင်ကြီးများက ဝိုင်းဝန်းကြပ်မတ်ပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စာပေဆု၊ စာမူဆုရွေးချယ်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးသည်။

ဆက်လက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဆရာဦးစိန်လှိုင်(သူရဇော်)၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများက ဆုရွေးချယ်မှုဆိုင်ရာ လုပ်ငန်းများ ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊ စာအုပ်များလက်ခံရရှိမှု၊ ဆုရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများ စီစဉ်ထားရှိမှုများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေး ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ ဆက်)