ညောင်ဦး မတ် ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အတွင်းရောင်းချလျက်ရှိသည့် ဆေးဆိုင်များ FDA အသိအမှတ်ပြု DRC No. မပါသောParbisure အမည်ရှိဆေးဝါးများ ရောင်းချဖြန့်ဖြူးခြင်းရှိ/ မရှိ စစ်ဆေးခြင်းအား ညောင်ဦးမြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၉ နာရီအချိန်က ဆေးဆိုင်များအားကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ကဦးဆောင်သော ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်၊ ညောင်ဦးခရိုင်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှဝန်ထမ်းများသည် ညောင်ဦးမြို့နယ် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန် လွတ်ဈေးအတွင်းရောင်းချလျက်ရှိသည့် တားမြစ်ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ၊သက်တမ်းလွန် စားသောက်ကုန်များ၊ ရောင်းချမှုရှိမရှိ ဆေးဝါး၊ ကုန်ပစ္စည်းများတွင် သတ်မှတ်ကုန်အညွှန်းအမှတ်အသားများ ပါရှိမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူပြည်သူများ အန္တရာယ်ကင်းစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ညောင်ဦးမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၊ မုန့်တိုက်များ၊ သောက်ရေသန့်စက်ရုံများ၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲထုတ်လုပ်သည့်လုပ်ငန်းများ၊ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များ၊ တိုင်းရင်းဆေးဝါးအရောင်းဆိုင်များနှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်များကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့က လစဉ်ပုံ မှန်စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။
ဒီပါလင်း (ပြန်/ ဆက်)