မန့်ဟီးရိုး မတ်လ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန်ဟီရိုးမြို့တွင် စာဖတ်ဝါသနာရှင်များနှင့် ဒေသခံ ပြည်သူများအသိပညာဗဟုသုတတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လည်(၂)နာရီအချိန်တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန်ဟီရိုးမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မာမာအောင်(ဒုတိယ ဦးစီးမှူး)က တက်ရောက်လာသော စာဖတ်ဝါသနာရှင်များနှင့်စာပေချစ်မြတ်နိုးသူများကို စာဖတ်ဝိုင်း ပြုလုပ် ရခြင်း၏ရည်ရွယ်ချက်၊အသိပညာဗဟုတတိုးတက် မြင့်မားစေရန် အားလပ်ချိန်တွင် စာအုပ်၊စာစောင်များ ဖတ်သင့်ကြောင်းနှင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိရှိအသုံးချပြီး စာဖတ်သင့်ကြောင်း ပြောကြားခဲ့ပြီး စာရေးဆရာဦးအောင်သင်း ရေးသားထားသော “နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသော စာဖတ်ဝါသနာရှင်များ ကိုယ်စား စာဖတ်ပရိတ်သတ်ဦးတင်မျိုးအေးမှ ဒေါက်တာခင်မောင်ညိုရေးသားထားသော “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းတွင် အပြန် အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြပါသည်။ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သည့် ဌာနဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို အသိပညာဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာပေ ဖတ်ရှုလေ့လာမှု တိုးပွားလာစေရန်၊ စာအုပ်စာစောင်များအပေါ် စိတ်ဝင်စားမှု၊ ရင်းနှီးထိတွေ့မှုများရရှိစေရန် ဆောင်ရွက်ထားရှိလျက်ရှိပြီး အသိပညာပေး စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခြင်း၊ ပြည်သူများမှ စာအုပ်စာစောင်များ ဖတ်ရှုနိုင်စေရန် မြို့ရုံးပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်း၊ ဌာနဆိုင်ရာရုံးများနှင့်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေ ဒေသခံပြည်သူများသို့ လက်ဝယ်အရောက်သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်ပိုင် (ပြန်/ ဆက်)