ဗဟန်း မတ် ၁၁
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ကျင်းပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့၊ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက မုဒိတာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း နာယက ဦးကျော်ဆန်းက မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့လှူဒါန်းသည့် အလှူငွေကျပ် သိန်း(၅၀)အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူခဲ့ပါသည်။ ယင်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက် (၁၂၀) တိုက်သို့ ငွေကျပ်သိန်း (၈၀) တန်ဖိုးရှိ စာအုပ်ပေါင်း (၂၅၀၀) ကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာစာကြည့်တိုက်များက စာကြည့်တိုက်မှူးများက အသီးသီးလက်ခံရယူခဲ့ကြသည်။ ဆက်လက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက “ရင်ထဲက အဖေနှင့် ပတ်သက်သည့်စာစုများ” စာအုပ်နှင့် “ စိုက်/ မွေး/ ဆည် စာစုများ” စာအုပ် စုစုပေါင်း (၄၀၀) အုပ်ကို အလှူရှင်ကိုယ်စား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူခဲ့ပါသည်။
အဆိုပါ လှူဒါန်းမှုများအတွက် စာကြည့်တိုက်များကိုယ်စား စိတ်အာဟာရ စာကြည့်တိုက်ဥက္ကဋ္ဌ ဒေါ်အေးအေးစိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်မှူးများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက လှူဒါန်းသည့်စာအုပ်များ ခင်းကျင်းပြသထားမှုကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
စန္ဒာမိုး (ပြန်/ ဆက်)