မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ

မြစ်သား မတ်  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)နှင့် (Youth Club) အဖွဲ့ဝင်တို့ ပူးပေါင်း၍စာရေးဆရာ နတ်သျှင်(ရွှေဂူ )ရေးသားသော လူငယ်များကိုပျိုးထောင်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်သီတာအောင်က စာဖတ်  ဝိုင်းများ ကျင်းပပြုလုပ်ခြင်းအားဖြင့် စာဖတ်ရှိန်များပိုမိုမြင့်တက်လာပြီး အသိပညာဗဟုသုတများ ကြွယ်ဝလာကာ အမှားနှင့်အမှန်ကောင်းစွာ ခွဲခြားဆုံးဖြတ်နိုင်ပြီးအချိန်ကို အကျိုးရှိစွာ အသုံးချသူများဖြစ်စေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး (Youth Club)အဖွဲ့ဝင်ဦးအောင်မင်းကျော်က “လူငယ်များကို ပျိုးထောင်ပေးပါ” ခေါင်းစဥ်ပါ လူငယ်ဟူသည် အနာဂတ်၏ခေါင်းဆောင်များဟုဆိုလျှင် ပိုမှန်ကြောင်း၊ လူကြီးနှင့်လူငယ်တို့အကြား တွင်အမွေဆိုသောစကားလည်းရှိကြောင်း၊ လူကြီးမိဘဆရာသမားများမှ တပည့်သားသမီးများအား လက်ဆင့်ကမ်းပေးသောအရာကို အ‌မွေဟူ၍ခေါ်ဆိုကြကြောင်း၊ ပညာအမွေ၊ပစ္စည်းဥစ္စာအမွေ၊ ယဥ်ကျေးမှုဘာသာတရားအမွေ စသည်အားဖြင့် များစွာရှိလေကြောင်းနှင့် မျိုးရိုးစဥ်ဆက်အရသော်လည်းကောင်း၊ သမိုင်းပေးတာဝန်အရသော်လည်းကောင်း စာပေ၊ အနုပညာ၊ ဘာသာတရား၊ ယဥ်ကျေးမှုစသည့်များစွာ အမွေအနှစ်တို့ကို လက်ဆင့်ကမ်းပေး  ဆောင်ကြမည်ဖြစ်ကြောင်း ဖတ်ကြားဆွေးနွေးပြီး (Youth Club) အဖွဲ့ဝင် ဦးအောင်ရဲကျော်က “နောင်တရမှာ မကြောက်ပါနဲ့” ခေါင်းစဥ်ပါ မိမိလုပ်မိတဲ့အမှားကို အမှားမှန်းသိပြီး အဲဒီအမှားရဲ့နောက်မှာ အောင်မြင်ရေး၊ ချမ်းသာရေး လမ်းမှန်ကို လျှောက်လှမ်းနိုင်အောင်ကြိုစားနိုင်ရင် လူတော်လူကောင်း၊ လူလိမ္မာ၊ သူတော်စင်သူတော်ကောင်းများဖြစ်လာနိုင်ကြောင်း ဖတ်ကြားဆွေးနွေးသည်။

ထို့နောက် စာပေဝါသနာရှင်  ဦးပြည့်ဖြိုးအောင်က “ မိတ်ဆွေကောင်းနှင့်ခရီးသွားပါ ”  ခေါင်းစဥ်ပါ “စာအုပ်စာပေ လူ့မိတ်ဆွေ”၊ “အလိမ္မာ စာမှာရှိ” ဆိုသည့်အတိုင်း စာအုပ်စာပေအပေါ်မှာ နှစ်ခြိုက်ပျော်ဝင်သူတိုင်း၊ စာဖတ်ကြသူတိုင်း မိတ်ကောင်းဆွေကောင်းများ ပေါများကြွယ်ဝကြကြောင်း၊ အပြောင်းအလဲမြန်ဆန်ပြီး   လိမ်ညာဟန်ဆောင်တတ်သော မိတ်ဆွေအတုတွေ များပြားလွန်းသော သက်ရှိလောကတွင် စာအုပ်စာပေဆိုသော သက်မဲ့မိတ်ဆွေသည် ရိုးသားဖြူစင်လွန်းပြီး မွန်မြတ်သန့်စင်ကြောင်း မိတ်ဆွေစစ်လည်းဖြစ်ပါကြောင်း စာအုပ် စာပေကို လေ့လာဖတ်ရှုသူများသည် လူလိမ္မာလူတော်လေးများ ဖြစ်ပေါ်နိုင်စေကြောင်းဆွေးနွေးပြောကြားကာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင်များနှင့် (Youth Club) အဖွဲ့ဝင်များက သိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။        

သီတာအောင် (ပြန်/ ဆက်)